ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်သတိပေး

0
199

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်နိုင်က ခန့်မှန်းထားသည်။

ဖော်ပြပါဒေသများသည် မတ်လ (၂၀) ရက်နှင့် (၂၁) ရက်တွင် မိုးရွာသွန်းနိုင်ချေ ၆၅ ရာခိုင်နှုန်းအထိရှိပြီး မိုးရေချိန်သည် ၂၄ နာရီအတွင်း ၂၀ မီလီမီတာနှင့် အထက် ရွာနိုင်ကာအရှေ့ဘက်မှလေပြင်းများ တစ်နာရီ မိုင်၂၀ အထက်တိုက်ခတ်နိုင်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြထားသည်။

ထို့ပြင် မတ်လ (၁၉) ရက်မှ မတ်လ (၂၃) ရက်အတွင်း မြန်မာနိုင်ငံတဝန်းတွင် ဖြစ်ပေါ်နိုင်မည့် ထူးခြားမိုးလေဝသ အခြေအနေများမှာ တရုတ်ပြည်မကြီး၏ အရှေ့ဘက်ပင်လယ်ပြင်နှင့် ကုန်းမြေထိစပ်သည့်နေရာတွင် ဖြစ်လာသည့် လေဖိအားများရပ်ဝန်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင်ဖြစ်လာသည့် လေဖိအားနည်းချိုင့်ဝှမ်းများကြောင့် တောင်တရုတ်ပင်လယ် အရှေ့မြောက်ပိုင်းနှင့်တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးတွင် အရှေ့မြောက်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် တောင်တရုတ်ပင်လယ်နှင့် ထိုင်းနိုင်ငံအတွင်းရှိ မိုးတိမ်တိုက်များသည် ထိုင်းပင်လယ်ကွေ့ကိုဖြတ်ကျော်ပြီးသည့်နောက်၊ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများ၊ တနင်္သာရီတိုင်းနှင့် ကပ္ပလီပင်လယ်ပြင်အထိ ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

ယင်းအပြင် အရှေ့တောင်ဘက်နှင့် အနောက်ဘက်မှ လေစီးကြောင်းများကြောင့် မိုးတိမ်တိုက်အချို့ကုန်းတွင်းသို့ ဝင်ရောက်လာနိုင်ကာ ၎င်းတို့ရွေ့လျားရာ လမ်းကြောင်းတလျှောက် လေပြင်းတိုက်ခတ်ပြီး မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်အထိ ကြိုတင်ခန့်မှန်းချက်များအရ နေ့အပူချိန်များ မြင့်တက်ပြီး အပူချိန် – ငွေ့ရည်ဖွဲ့အမှတ်များ တူညီနိုင်ရန် လိုအပ်ခြင်းကြောင့် ပြည်နယ်နှင့် တိုင်းများအလိုက် “မိုးထစ်ချုန်းရွာသွန်းနိုင်သည့် အခြေအနေနှင့် လေပြင်းတိုက်ခတ်နိုင်မည့်အခြေအနေများ”ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ ကာလအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင် မတ်လ (၂၀) ရက်နှင့် (၂၁) ရက်တွင် မိုးရွာသွန်းနိုင်ချေသည် ၁၀% မှ ၅၀ % ဝန်းကျင်သာရှိပြီး မိုးရွာနိုင်ချေထက် လေပြင်းတိုက်ခတ်နိုင်ချေကပိုများကြောင်း ခန့်မှန်း ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here