ထိုင်း – မြန်မာနယ်စပ်တစ်လျှောက် ထိုင်းတော်ဝင်လေတပ်မှ ကင်းလှည့်မှုများ ဆောင်ရွက်နေ

0
148

ထိုင်း – မြန်မာ နယ်စပ်တလျှောက်တွင် ထိုင်းတော်ဝင်လေတပ်မှ မတ်လ (၁၅) ရက်မှစတင်၍ ကင်းလှည့်မှုများဆောင်ရွက်လျှက်ရှိကြောင်း မဲဆောက်ဒေသခံများထံက သိရသည်။

အဆိုပါ ဝေဟင်ကင်းလှည့်နေသည့် တိုက်လေယာဉ်မှာ F16 အမျိုးအစားဖြစ်ပြီး မယ်ဟောင်ဆောင်ခရိုင်နှင့် တာ့ခ်ခရိုင်တလျှောက်နယ်စပ်များအတွင်း ကင်းလှည့်စောင့်ကြည့်နေခြင်းဖြစ်ကြောင်း ဆိုသည်။

“F16 အမျိုးအစား တိုက်လေယာဉ်တွေပါ။ မြန်မာပြည်ထဲမှာတိုက်ပွဲက တောက်လျှောက်ဖြစ်နေတော့ နယ်စပ်မျဉ်းအခြေအနေကိုစောင့်ကြည့်တာပါ။ ဒီလထဲမှာလည်း ထိုင်းကြည်းတပ်က လုံခြုံရေးတိုးချထားတာတွေလည်း လုပ်နေတယ်။ ဒါကတော့ သူ့နိုင်ငံနယ်စပ်မျဉ်း သူ့လုံခြုံရေးအတွက် လုပ်တာပါဘဲ။ လေယာဉ်တွေကတော့ မကြာမကြာပျံပြီးပတ်နေတာတွေ့ပါတယ်”ဟု မဲဆောက်မြို့နေ ဒေသခံတစ်ဦးကပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများပြင်းထန်လာသည့်အတွက် ထိုင်း – မြန်မာနယ်စပ်တွင် ထိုင်းဘက်က တိုက်လေယာဉ်များဖြင့် ကင်းလှည့်စောင့်ကြည့်ခြင်းဖြစ်သည်ဟု  ထိုင်းသတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။

ထိုင်း – မြန်မာ နယ်စပ် မယ်ဟောင်ဆောင်ခရိုင်နှင့်ကပ်နေသည့် မြန်မာဘက်ခြမ်းသည် ကယားပြည်နယ်ဖြစ်ပြီး၊ တာ့ခ်ခရိုင်နှင့် ကပ်နေသည့် မြန်မာဘက်ခြမ်းမှာ ကရင်ပြည်နယ်ဖြစ်သည်။

ယခုလအတွင်း မြဝတီနယ်စပ်ဒေသ တိုက်ပွဲများကြောင့် ထိုင်းတော်ဝင် ကြည်းတပ်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အပါအဝင် နယ်စပ်မြို့( ၅) မြို့နယ်အတွင်းလုံခြုရေးတိုးမြှင့်ချထားမှုများ လုပ်ဆောင်ခဲ့သေးသည်။

ဓာတ်ပုံ – ထိုင်းတော်ဝင်လေတပ်


LEAVE A REPLY

Please enter your comment!
Please enter your name here