ကိုရီးယားသို့ ရာသီချိန်လုပ်သားစေလွှတ်မည်ဟု ပွဲစားများ ၏ လိမ်လည်မှုများ ရှိနေဆဲဖြစ်ဟုဆို

0
143

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်မည်ဟုဆိုကာ ပွဲစားများ၏ လိမ်လည်မှုများရှိနေဆဲဖြစ်ကြောင်း အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။

မြန်မာလုပ်သားများကို ရာသီချိန်အလုပ်သမားအဖြစ် ခေါ်ယူရန်မရှိသေးကြောင်း တောင်ကိုရီးယားအစိုးရမှ တရားဝင်အသိပေးကြေညာထားသော်လည်း ပြည်တွင်းရှိ ပွဲစားများအနေဖြင့် လုပ်သားစုဆောင်းနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

” ပွဲစားတွေကတော့ ယုံအောင်ပြောကြတယ်။ ရာသီချိန်လုပ်သားခေါ်ဖို့ရှိတယ်ဆိုပြီး ကိုယ်တောင် ပိုက်ဆံတစ်ဝက်ပါသွားတယ်။ စရံကြိုပေးထားလိုက်တာပေါ့။ ပြီးတော့ အဆက်အသွယ် လုံးဝမရတော့ဘူး။ နောက်လူတွေကို သတိထားစေချင်တယ်”ဟု ကာယကံရှင် အလုပ်သမားတစ်ဦးကပြောသည်။

မူလက ရာသီချိန်လုပ်သား စေလွှတ်ရေး MoU စာချုပ်ကို ၂၀၂၃ နှစ်ကုန်တွင် လက်မှတ်ရေးထိုးပြီး မတ်လတွင်အလုပ်သမားစေလွှတ်မှု စတင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးညွန့်ဝင်းက တရားဝင်ပြောကြားထားသော်လည်း ကိုရီးယားနိုင်ငံဘက်မှ ယင်းကိစ္စ တရားဝင်ပြောကြားထားခြင်းမရှိပေ။

လက်ရှိအချိန်ထိ နှစ်နိုင်ငံ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဘဲ ပွဲစားများသည် ယင်းအကြောင်းအရာကို အကြောင်းပြ၍ လုပ်သားစုဆောင်းမှုများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တောင်ကိုရီးယား အစိုးရအနေဖြင့် EPS စနစ်ဖြင့်သာ မြန်မာလုပ်သားများကို တရားဝင်ခေါ်ယူနေခြင်းဖြစ်ပြီး ပွဲစားများ၏ လိမ်လည်ခံရမှုမရှိစေရန် အေဂျင်စီအချို့က သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here