တာချီလိတ်မြို့တွင် ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်သည့် စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
171

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်သည့် စက္ကူဂျပ်ဖာအား စစ်ဆေးရာမှ ငွေကျပ်သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ (၁၇) ရက်၊ ညနေ (၅)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်သူ သီဟစိုးနှင့် စိုင်းဝန်းကျောက်တို့အား စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ သယ်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၄.၉၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၄၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ည (၆)နာရီ (၄၅)မိနစ်အချိန်တွင် စိုင်းဝန်းကျောက် နေထိုင်သည့် တာချီလိတ်မြို့၊ မ်ကောင်းရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၈၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈ သိန်း)၊ ကက်တမင်း အလေးချိန် ၄၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၄ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သီဟစိုး(၃၃)နှစ် နှင့် စိုင်းဝန်းကျောက်(၃၄)နှစ်တို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here