PPST အဖွဲ့ဝင် EAO (၇) ဖွဲ့ အနေဖြင့် 7 EAO Alliance အမည်ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်

0
162

NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့အနေဖြင့် 7 EAO Alliance ကိုဖွဲ့စည်းခဲ့ပြီး စုဖွဲ့မှုအသစ်ဖြင့် ပူးပေါင်းသွားမည် ဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် မတ်လ (၁၇) ရက်နှင့် (၁၈) ရက် (၂) ရက်တာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မျက်နှာစုံညီ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများ အပေါ် သုံးသပ်ခြင်း ၊ ပြင်ဆင်ရေးအလုပ်အဖွဲ့မှ တင်သွင်းသည့် နိုင်ငံရေးဆိုင်ရာအဆိုပြုချက်များနှင့် 7 NCA-S EAO ပြန်လည်ဖွဲ့စည်းရေးဆိုင်ရာ ဖွဲ့စည်းပုံ စည်းမျဉ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မျက်နှာစုံညီအစည်းအဝေးမှ ချမှတ်ထားသော နိုင်ငံရေး လုပ်ငန်းစဥ် အစီအစဉ်များကို အကောင်အထည် ဖော်ရန်အတွက် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းတို့ ဦးဆောင်သည့် 7 EAO Alliance ၏ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခုလို့ စုဖွဲ့မှုအသစ်ဖြင့် သွားရခြင်းမှာ လက်ရှိနိုင်ငံရေးအခြေအနေများပေါ်မူတည်၍ ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပြီး PPST အဖွဲ့အား ဖျက်သိမ်းမည်/ မဖျက်သိမ်းမည်ကို မဆွေးနွေးရသေးကြောင်း 7 EAO Alliance ၏ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး
စောကျော်ညွန့်က ပြောသည်။

” PPST ကတော့ အားလုံးသိကြတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ ၂၀၁၅ NCA လက်မှတ်ရေးထိုးပြီးချိန်က တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေသွားကြဖို့ ဖွဲ့ခဲ့တာပေါ့နော်။ အခုက သိတဲ့အတိုင်းပါပဲ။ တချို့အဖွဲ့တွေကလည်း ထွက်သွားကြတာရှိတော့ မပြည့်မစုံရှိတာပေါ့နော်။ ဒါကြောင့် စုဖွဲ့မှုအသစ်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ကို ရည်ရွယ်ပြီးတော့ ဖွဲ့စည်းတာပါ” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

7 EAO Alliance သည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှတဆင့် ငြိမ်းချမ်းရေး ဆိုင်ရာ ရလဒ်များ ဖော်ထုတ်နိုင်ရန် ၊ နိုင်ငံရေး အပြောင်းအလဲများ တိုးတက်လာစေရန် သက်ဆိုင်သူများနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို စဥ်ဆက်မပြတ်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒီမိုကရေစီရေး ၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း အစည်းဝေးအပြီး ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူလက အစည်းအဝေးကို မတ်လ(၁၉) ရက်အထိ (၃) ရက် ကြာ ကျင်းပရန် ရည်ရွယ်ထားသော်လည်း (၂) ရက်ဖြင့်သာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။

” PPST ကို ဖျက်သိမ်းမယ် မဖျက်သိမ်းဘူးကတော့ ဒီအစည်းအဝေးမှာ ဆွေးနွေးတာ မရှိပါဘူး ” ဟု ဗိုလ်ချုပ်ကြီး စောကျော်ညွန်က ပြောသည်။

အဆိုပါ (၂) ရက်တာ အစည်းအဝေးမှ ချမှတ်လိုက်သည့် လုပ်ငန်းစဉ်များကို စနစ်တကျဖော်ဆောင်နိုင်ရေးအတွက် လူပုဂ္ဂိုလ် (၈) ဦးပါ အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here