နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံ(၂၀၀)ကျော် အရေးပေါ်အကူအညီများလိုအပ်နေဆဲဟု ဆို

0
101

စစ်ကိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ ဟွေဟိုက်ကျေးရွာ၌ တောမီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး မီးသင့်ခဲ့ရပြီး မီးဘေးသင့် ဒေသခံပြည်သူ (၂၀၇)ဦးမှာ အရေးပေါ်အကူအညီများလိုအပ်လျှက်ရှိနေဆဲ ဖြစ်ကြောင်း မီးဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

မတ်လ (၁၄) ရက် မွန်းလွဲပိုင်းအချိန်၌ ဒေသခံပြည်သူများ တောင်ယာသွားရောက်လုပ်ကိုင်နေချိန်တွင် ကျေးရွာအနီးတောမီး လောင်ကျွမ်းရာမှတဆင့် လူနေအိမ်များကိုပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်ကျွမ်းမှု့ကြောင့် ကျေးရွာတွင်းရှိ လူနေအိမ် (၅၀)ရှိသည့် အနက် (၃၅)လုံး မီးသင့်ခဲ့ရပြီး၊ စပါးကျီတိုက်(၄)လုံး၊ အိမ်မွေးဝက်ကောင်ရေ(၂၁)ကောင်၊စာသင်ကျောင်းဆောင် (၂)ဆောင်၊ အိမ်ထောင်စု (၃၅)စုမှ မိသားစုဝင် (၂၀၇)ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဆိုသည်။

” အကူအညီတွေကတော့ လိုအပ်နေဆဲပါ။ မီးသင့်ဒေသခံတွေကတော့လောလောဆယ် ရွာထဲက မီးမလောင်တဲ့အိမ်တွေ၊ ဆွေမျိုး သားချင်းအိမ်တွေမှာပဲနေ နေရတယ်။ လိုအပ်တာတော့ စားသောက်ရေးရော အဝတ်အထည်ရော အကုန်လိုအပ်တယ်။ ရွာထဲက စပါးကျီတွေ ပါကုန်တော့ စားဖို့အခက်အခဲရှိနေပါတယ်။ လူကတော့ နည်းနည်း ထိခိုက်တာပဲရှိပါတယ်”ဟု ‌၎င်းက ရှင်းပြသည်။

တောမီးမှတဆင့်ကျေးရွာအတွင်း ကူးစက်လောင်ကျွမ်းမှုတွင် တစ်နှစ်စာ သိုလှောင်ထားသော စပါးကျီများ မီးလောင်ဆုံးရှုံးခဲ့သဖြင့် စားသောက်ရေးအတွက် အခက်အခဲရှိနေသည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခု နှစ် ဖေဖော်ဝါရီလအတွင်းကလည်း လဟယ်မြို့နယ်၊ ဆော်လော်နောက်ကုန်းကျေးရွာ၌ အိမ်သုံးဆိုလာပြားအပူလွန်ကဲ၍ မီးလောင်ကျွမ်းရာမှ လူနေအိမ် (၇၀) ကျော် မီးသင့်ဆုံးရှုံးခဲ့ရသေးသည်။

ဓာတ်ပုံ -Naga Mg


LEAVE A REPLY

Please enter your comment!
Please enter your name here