မုံရွာ အလုံဘိုးတော်ကြီးပွဲကို ဓလေ့ထုံးစံအတိုင်း ကျင်းပသွားမည်

0
185

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့နယ်ရှိ၊ အလုံဘိုးတော်ကြီးပွဲကို တပေါင်းလပြည့်မှစ၍ တပေါင်းလပြည့်ကျော် (၁၄)ရက်အထိ ဓလေ့ထုံးစံအတိုင်းအဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အနောက်နန်းထိမ်းထံမှသိရသည်။

“နှစ်စဥ် လုပ်နေကျ ဓလေ့ထုံးစံတွေအတိုင်း လုပ်သွားမှာပါ။ပွဲဖြစ်တာ၊ မဖြစ်တာတော့ မပြောနိုင်သေးဘူး။ထုံးစံအတိုင်းတော့လုပ်သွားမှာပါ”ဟု ညီလာခံအနောက်ခန်း နန်းထိမ်းကပြောသည်။

တပေါင်းလပြည့်နေ့ နံနက်ပိုင်းတွင် အလုံဘိုးတော်ကြီးနန်းထိမ်း(၂)ဦး၊ ဒိုးတော်ထိမ်း၊ အဆောင်တော်ကိုင်များက ချင်းတွင်းမြစ်အနောက်ဘက် ရွှေတောင်ဦး တောင်ပေါ် ရှိ အလုံဘိုးတော်ကြီး တရားအားထုတ်ရာ လှိုဏ်ဂူတော်မှတပေါင်းပွဲတော်တွင် (၇) ရက်သားသမီးများ အကြည်ညို၊ကန်တော့ခံရန် သွားရောက်ပင့်ဆောင်ကြမည်ဖြစ်သည်။

“တပေါင်းလပြည့်နေ့ ညနေပိုင်းမှာ အလုံက ပွဲတော်ကျင်းပမယ့် အပြင်နန်းကြီးမှာ ဆီမီးထွန်းပူဇော်မှာပါ။ တပေါင်းလပြည့်ကျော် (၁) ရက် မနက်ပိုင်းမှာ အရှေ့ခန်းတောင်ထွက်ကန္နား၊ နေ့လယ်ပိုင်းမှာ ညီလာခံ အနောက်ခန်းတောင်ထွက် ကန္နားပေးမှာဖြစ်ပါတယ်။ တပေါင်းလပြည့်ကျော်(၂)ရက် အလုံဘိုးတော်ကြီး သမီးတော် တောင်ကန်ရှင်မကြီးကို ညီလာခံ အနောက်ခန်းက သွားရောက် ပူဇော်မှာဖြစ်ပြီး (၃)ရက်နေ့မှာ အရှေ့ခန်းက သွားရောက်ပူဇော် ပသမှာဖြစ်ပါတယ်”ဟုညီလာခံအနောက်ခန်း နန်းထိမ်းက ပြောသည်။

တပေါင်းလပြည့်ကျော် (၅)ရက်တွင် (၇) ရက်သားသမီးများအပူဇော်ခံရန် ပွဲတော်ကျင်းပသည့် နန်းကြီးပေါ်သို့ ပုံတော်ပင့်ဆောင်ရန် နန်းထိမ်း (၂) ဦးက ကျွဲလှည်းစီးပြီး (၃)တောင် (၃)နန်း လှည့်လည်ပူဇော်ကန်တော့ခံရန် ထွက်တော်မူမည်ဖြစ်‌ကြောင်း သိရသည်။

ဆက်လက်၍ တပေါင်းလပြည့်ကျော် (၆)ရက်တွင် သားလွန်းတောင်ပေါ်၌ နန်းထိမ်း(၂)ဦး ညီလာခံဝင်၍ အလုံဘိုးတော်ကြီးကို ပူဇော်ကန်တော့ကြကာ တပေါင်းလပြည့်ကျော် (၈) ရက်တွင် သားပြေးတောင်ပေါ်တွင် နန်းထိမ်း(၂)ဦးညီ လာခံဝင်ကာ အလုံဘိုးတော်ကြီးကို ပူဇော်ကန်တော့ကြမည်ဖြစ်သည်။

“တပေါင်းလပြည့်ကျော် (၉) ရက် မနက်ပိုင်းမှာ ကျွဲလှည်းဝင်ပါတယ်။ ပွဲတော် အစည်ကားဆုံးရက်ပါ။ (၉)ရက်နေ့ညနေပိုင်း အလုံဘိုးတော်ကြီး ညီလာခံအနောက်ခန်းမှာ နန်းထိမ်း (၂)ဦး ညီလာခံဝင်ရပါတယ်။ (၉)ရက်ကစပြီး (၁၃) ရက် ညနေအထိ ပွဲမပြီးမချင်း ညီလာခံဝင်ရပါတယ်။ တပေါင်းလပြည့်ကျော် (၁၃) ရက်မနက်ပိုင်းမှာ သံဃာတော် (၃၇) ပါးကို နတ်ဆွမ်းလောင်းလှုပြီး ညီလာခံအနောက်ခန်းမှာ ရေစက် သွန်းချအမျှဝေပါမယ်။ တပေါင်းလပြည့်ကျော် (၁၄) ရက်မှာ အတွင်းနန်းကို ပြန်လည်ပင့်ဆောင်တာဖြစ်ပါတယ်”ဟု အလုံဘိုးတော်ကြီး အရှေ့နန်းထိမ်းက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here