ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဥယျာဉ်တွင် ရှားပါးစာရင်းဝင် မြန်မာ့ရွှေသမင်များ မျိုးမသုဉ်းစေရန် ထိန်းသိမ်းစောင့်ရှောက်ထား

0
172

မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်တွင် ဌာနေဖွား ဒေသရင်း ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ရွှေသမင်များကို မျိုးသုဉ်း မျိုးဆက်မပြတ်စေရန် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ ဧရိယာစတုရန်းမိုင် ၂၁၃.၄ မိုင် ကျယ်ဝန်းပြီး၊ အပူပိုင်း ခြောက်သွေ့သော သန်းဒဟတ်တောများ၊မုန်းချောင်းနှင့် မန်းချောင်းရေ ဝေကုန်းတန်းများကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် ၁၉၄၀ ခုနှစ်က စတင်တည်ထောင်ခဲ့ရာတွင် ရွှေသမင်စားကျက်နေရာများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

“ ကြယ်လိပ်တို့ ရွှေသမင်တို့ဆိုတာ ကမ္ဘာ့ ရှားပါးမျိုးစိတ် စာရင်းဝင်တွေပါ။ ကျွန်တော်တို့ မြန်မာ့ရွှေသမင်တွေ ဆိုရင်လည်း မြန်မာတစ်နိုင်ငံတည်းမှာသာရှိတဲ့ ဌာနေဖွား ဒေသရင်းမျိုးစိတ်များဖြစ်ပြီး အလွန်မတန်မှ ရှားပါးတဲ့အတွက် မျိုးသုဉ်းမျိုးဆက်မပြတ်စေ‌ရေး၊ ရွှေသမင်သားပေါက်များ တိုးပွားလာစေရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ထားရပါတယ်။”ဟု ရွှေစက်တော်ဂေါပက ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။

ရွှေစက်တော်ဘုရားပွဲတော်ရာသီနှင့် ပွင့်လင်းရာသီများရောက်ရှိပြီး မင်းဘူး (စကု)မြို့နယ်မှ အထင်ကရ နေရာများသို့ ဧည့်သည်များ လာရောက်လည်ပတ်သည့်အခါရွှေစက်တော် ဘေးမဲ့တော ဥယျာဉ်မှ ဒေသရင်းမျိုးစိတ် မြန်မာ့ရွှေသမင်များကိုလည်း လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဥယျာဉ်တွင် ၂၀၁၂ ခုနှစ်မှ စတင်၍ နေပြည်တော် ဆာဖာရီ ဥယျာဉ်နှင့် ပုဂံလောကနန္ဒာ ဥယျာဉ်တို့မှ ရွှေသမင် အထီး (၅)ကောင်၊ အမ (၇) ကောင်ဖြင့် စတင် မွေးမြူ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ရွှေသမင် အထီး (၁၉) ကောင်၊ အမ (၃၅) ကောင်၊ စုစုပေါင်း (၅၄) ကောင်ကို အစာကျွေးခြင်း၊ ရေတိုက်ခြင်းနှင့် ဖြည့်စွက်စာများ ဝယ်ယူကျွေးမွေးပြီး ဂေါပကအဖွဲ့ဝင်များက အနီးကပ် ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here