ဂါဇာအပစ်ရပ်စဲရေး ဆုံးဖြတ်ချက်မူကြမ်းတစ်ခု လုံခြုံရေးကောင်စီသို့ အမေရိကန်က တင်ထားကြောင်း ဘလင်ကန် ပြော

0
247

ဂါဇာကမ်းမြောင်မှာ ဖမ်းဆီးခံထားရတဲ့ ဓ-ါးစာခံတွေ လွှတ်ပေးရေးနဲ့ ချိတ်ဆက်ထားသော ချက်ချင်း အပစ်ရပ်စဲရေးတောင်းဆိုတဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ အမေရိကန်က တင်ပြထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောဆိုလိုက်ပါတယ်။

ဓ-ါးစာခံတွေလွှတ်ပေးရေးပါဝင်တဲ့ ချက်ချင်းအပစ်ရပ်ရေးတောင်းဆိုတဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ခု လုံခြုံရေးကောင်စီထံ မိမိတို့ တင်ပြထားပြီး ဒါကို နိုင်ငံအများအပြားက ထောက်ခံမယ်လို့ မျှော်လင့်ထားကြောင်း ဘလင်ကန်က ပြောဆိုပါတယ်။

ဒါက ပြင်းထန်တဲ့ သတင်း စကားတစ်ခု၊ ပြင်းထန်တဲ့ အချက်ပြမှုတစ်ခု ပို့ဆောင်လိမ့်မယ်လို့ မိမိ ထင်ပါကြောင်း အစ္စရေး-ဟားမတ်စ်စစ်ပွဲအရေး ဆွေးနွေးဖို့ရာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိနေတဲ့ ဘလင်ကန်က ဗုဒ္ဓဟူးနေ့ညပိုင်းမှာ Al Hadath သတင်းမီဒီယာကို ပြောဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ အဓိကထောက်ခံသူဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပါလက်စတိုင်းနယ်မြေမှာ ချက်ချင်းအပစ်ရပ်စဲရေးတောင်းဆိုတဲ့ ယခင်က လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို ဗီတိုအာဏာသုံး တားမြစ်ခဲ့တာဖြစ်ပါတယ်။

“မှန်ပါတယ် အစ္စရေးရဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်နဲ့ အစ္စရေးဘက်က မိမိတို့ ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒုက္ခရောက်နေတဲ့ အရပ်သားတွေ၊ ဆိုးဆိုးရွားရွားခံစားနေရသူတွေအတွက်ကလည်း အရေးကြီးပြီး အရပ်သားတွေကို ကာကွယ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရရှိကြဖို့နဲ့ သူတို့ကို ဦးစားပေးအနေနဲ့ထားရှိဖို့ရာ အာရုံစိုက်ထားပါတယ်” လို့ သူက ပြောဆိုပါတယ်။

ဘလင်ကန်ဟာ သူ့ရဲ့ အရှေ့အလယ်ပိုင်းဒေသခရီးစဉ် ပထမခရီးတထောက်အဖြစ် ဗုဒ္ဓဟူးနေ့က ဆော်ဒီသို့ ရောက်ရှိခဲ့ပြီးနောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင်ဖာဟန်နဲ့ တွေ့ဆုံခဲ့သလို ယင်းနောက်မှာ ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆယ်မန်နဲ့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သူဟာ ကြာသပတေးနေ့မှာ အီဂျစ်နိုင်ငံကို ဆက်သွားရောက်မှာဖြစ်ပြီး အဲဒီနောက် အစ္စရေးကို ဆက်လက်ထွက်ခွာမျာဖြစ်တယ်လို့ သိရပါတယ်။

ဒီခရီးဟာ အောက်တိုဘာ ၇ ရက် အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ ခြောက်ကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီးစဉ်ဖြစ်ကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here