မြိတ်မြို့တွင် ငါးလေလံဈေး၊ စက်မှုဇုန်စီမံကိန်းနှင့် Biomass လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးစီမံကိန်းတို့ ဖော်ဆောင်ရန် ကုမ္ပဏီ (၂)ခု လက်မှတ်ရေးထိုး

0
249

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး၊ စက်မှုဇုန်စီမံကိန်းနှင့် Biomass လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး စီမံကိန်းတို့ ပူးပေါင်းအကောင်အထည်ဖော်ရန် ကုမ္ပဏီ (၂)ခုမှ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မြိတ်ကော်ပို ရေးရှင်းအများနှင့် သက်ဆိုင်သည့်ကုမ္ပဏီလီမိတက်ခန်းမတွင် မတ်လ (၁၉)ရက်က ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက မြိတ်ဒေသသည် ရေထွက်သယံဇာတပေါများသော်လည်း ဖမ်းဆီးရမိသည့် ငါး
ပုဇွန်များကို ထိုင်းနိုင်ငံရနောင်းမြို့ ဈေးကွက်တစ်ခုတည်းသို့ နှစ်ပေါင်းများစွာ တင်ပို့ရောင်းချ နေရပြီး ဈေးနှိမ်ခံရခြင်းကို ဒေသခံလုပ်ငန်းရှင်းများ ကြုံတွေ့နေရကြောင်း၊ ယင်းကဲ့သို့ ရေရှည်ဆက်မဖြစ်အောင် ဒေသအတွင်း နိုင်ငံ တကာအဆင့်မီ ငါးလေလံဈေးတစ်ခု ပေါ်ပေါက်လာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးတွင် အခြားအရေးကြီးသည့် ကဏ္ဍတစ်ခုမှာ လျှပ်စစ်မီးဖြစ်ပြီး တိုင်းအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်ကဏ္ဍဖွံဖြိုးရေးအတွက် တွန်းအားပေး ဆောင်ရွက်နေသော်လည်း လျှပ်စစ်ဓါတ်အားလုံလောက်မှု လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိ ဆောင်ရွက်မည့် Biomass လောင်စာသုံးစီမံကိန်းမှာ ပတ်ဝန်းကျင် ထိခိုက်မှုနည်းသည့်အပြင် Carbon Credit လည်းရမှာဖြစ်တာကြောင့် အဘက်ဘက်မှ အကျိုးရှိကြော င်း၊ ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ကြသည့် စီမံကိန်းနှစ်ရပ်အတွက် မြိတ်မြို့အပါအဝင် တနင်္သာရီတိုင်းအတွင်း ဖွံဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ ပေးနိုင်မည်ရာ ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သောကြောင့် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

၎င်းစီမံကိန်းများအတွက် မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်နှင့် Bright Blue Industrial Park International Corporation Co.,Ltd & Bright Blue Power International Corporation Co.,Ltd တိုမှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ရေးဆိုင်ရာ များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းကို စန္ဒဝတ်ကျေးရွာတွင် ဖော်ဆောင်မည်ဖြစ်ကာ Biomass လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး စီမံကိန်းကို မြိတ်မြို့တွင် ဆောင်ရွက်သွားဖြစ်ကြောင်း သိရသည်။

၎င်းစီမံကိန်းမှာ မြိတ်မြို့၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို အထောက်အပံ့ပြုနိုင်သည့်အပြင် ပြည်သူလူထူကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကာ စီမံကိန်းလုပ်ငန်းဖြင့် စက်ရုံ(၃)ရုံမှ (၁၀၀)မဂ္ဂါဝပ်အထိ လျှပ်စစ်ဓါတ်အား ထုတ်လုပ်သွားရန် စီမံထားရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here