စင်္ကာပူက ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပထမအသုတ်ချေပေး

0
95

စင်္ကာပူ၊မတ် ၂၁

စင်္ကာပူသည် ဂါဇာသို့လူသားချင်းစာနာထောက်ထားမှုအကူအညီကိုပထမဆုံးအနေဖြင့် လေယာဥ်မှ ကြဲချခဲ့ကြောင်းသိရသည်။ယင်းသို့ထောက်ပံ့ရာ၌ လေကြောင်းမှတစ်ဆင့် အစားအစာနှင့်အခြားလိုအပ်သောပစ္စည်းများပါဝင်သည့် သေတ္တာများအား လေထီးများဖြင့် သိမ်းပိုက်ခံနယ်မြေအတွင်းသို့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စင်္ကာပူသမ္မတနိုင်ငံလေတပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌မူ ၎င်းတို့အနေဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ C – 130 အမည်ရှိသယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် အောင်မြင်စွာ ထောက်ပံ့ကူညီနိုင်ခဲ့သည်ဟုဖော်ပြထားသည်။

“အခုအထောက်အပံ့ဟာ မလောက်ပေမယ့်အတိုင်းအတာတစ်ခုထိတော့ ဂါဇာကမ်းမြောင်အတွက် သက်သာချောင်လည်စေမှာပါ” ဟုလည်း အဆိုပါထုတ်ပြန်ချက်၌ ပူးတွဲဖော်ပြထားသည်။

စင်္ကာပူ၏ဂါဇာသို့ထောက်ပံ့ရေးပစ္စည်းများတွင် အစားအစာထုပ်များ၊ ဆေးဝါးနှင့်အခြားလိုအပ်သောအသုံးအဆောင်ပစ္စည်းများပါဝင်သည်ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ကာကွယ်ရေးဝန်ကြီးဌာနများကထုတ်ပြန်ကြေငြာခဲ့သည်။

စင်္ကာပူအနေဖြင့် အစ္စရေး၏ဝိုင်းပတ်ပိတ်ဆို့ထားခြင်းခံရသည့် ဂါဇာကမ်းမြောင်ဒေသသို့ အထောက်အကူပစ္စည်းများအား ကုန်းလမ်းမှတစ်ဆင့်ပို့ဆောင်ရာ၌ အခက်အခဲများကြုံနေရချိန်တွင် ကျန်နည်းလမ်းများဖြင့် ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်ပေးနေသည့် နိုင်ငံများနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်းလည်းဖော်ပြထားသည်။

ယခုထောက်ပံ့ရေးအစီအစဉ်အား စင်္ကာပူလေတပ်နှင့် ဂျော်ဒန်တော်ဝင်လေတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here