အစိုးရပိုင်းရဲ့ စွက်ဖက်မှုတွေ ရှိခဲ့သည်ဆိုကာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ အင်ဒိုနီးရှား သမ္မတလောင်း အန်းနိစ်တောင်းဆို

0
288

သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သားမပါဝင်တဲ့ ရွေးကောက်ပွဲတစ်ခု ပြန်ကျင်းပရေး အမိန့်ထုတ်ပေးဖို့ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ သမ္မတလောင်း အန်းနိစ် ဘာဆွီဒန်ရဲ့ ရှေ့နေအဖွဲ့က အခြခံဥပဒေဆိုင်ရာ ခုံရုံးကို မတ် ၂၁ ရက်မှာ တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ သမ္မတသားဖြစ်သူရဲ့ ဒုတိယသမ္မတရာထူးနေရာအတွက် နောက်ဆုံးအခိုက်အတန့်မှာ ပါဝင်ပတ်သက်ခဲ့မှုဟာ မဲမသမာမှုတွေဖြစ်စေခဲ့တယ်လို့ ၎င်းတို့က စွပ်စွဲပါတယ်။

မတ် ၂၀ ရက်အနှောင်းပိုင်းမှာ တရားဝင်ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာအပြီး နာရီပိုင်းအကြာမှာပဲ အခုလိုတောင်းဆိုမှုဖြစ်လာတာပါ။ ထွက်ပေါ်လာတဲ့ရလဒ်တွေအရ လူထုအကြား ရေပန်းစားဆဲဖြစ်တဲ့ မစ္စတာဝီဒိုဒိုရဲ့ ပြတ်သားသော ကျောထောက် နောက်ခံပေးမှုရထားတဲ့ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုဟာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနီးပါးရကာ အောင်ပွဲခံခဲ့ပါတယ်။

ဆန္ဒမဲ ၂၅ ရာခိုင်နှုန်းရခဲ့တဲ့ ဂျာကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်းနိစ်က မတ် ၂၁ ရက်မှာ တရားရုံးကို အမှုစွဲဆိုခဲ့ပြီး ဆန္ဒမဲ ၁၆ ရာခိုင်နှုန်းရရှိခဲ့သူဖြစ်တဲ့ မစ္စတာ ဂန်ဂျာ ပရန်နိုဝိုကလည်း မဲရလဒ်နဲ့ ပတ်သက်လို့ အဆိုပါတရားရုံးမှာပဲ အပြိုင်စွဲဆိုသွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး ဥပဒေကြောင်းအရ ယခုလိုစောဒကတက်စိန်ခေါ်မှုများဟာ အင်ဒိုနီးရှားရွေးကောက်ပွဲတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။

အထူးတပ်ဖွဲ့တပ်မှူးဟောင်းဖြစ်တဲ့ မစ္စတာ ပရာဘိုဝိုရဲ့ အနိုင်ရခဲ့တာဟာ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်ခဲ့မှုတွေရဲ့ ရလဒ်ဖြစ်တယ်လို့ မစ္စတာ အန်းနိစ်ရဲ့ ရှေ့နေအဖွဲ့က ပြောဆိုခဲ့ပါတယ်။

ကိုယ်စားလှယ်လောင်း အရည်အချင်းပြည့်မီမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်ဖို့ ၂၀၂၃ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့တာကြောင့် မစ္စတာ ဝီဒိုဒိုရဲ့သား ဂီဘရန် ရာကာဘူမင် ရာကာဟာ မစ္စတာ ပရာဘိုဝိုရဲ့ ဒု-သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

ဒု-သမ္မတနေရာမပါတဲ့ မဲပေးမှုတွေပြန်လုပ်ဖို့ မိမိတို့တောင်းဆိုခဲ့ကြောင်း၊ ဒါမှသာ နောက်ထပ် ကြားဝင်စွက်ဖက်မှုတွေ ဖြစ်လာတော့မှာမဟုတ်ကြောင်း မစ္စတာ အန်းနိစ်ရဲ့ ရှေ့နေ မစ္စတာ အရီ ယူဆွတ်အမ်မီယာက သတင်းထောက်‌ေတွကို ပြောဆိုခဲ့ပါတယ်။

Ref; The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here