ပြည်ဝင်ဗီဇာ ဖြေလျော့ပေးထားခြင်းကြောင့် ပြည်ပဧည့်သည် ဝင်ရောက်မှု မြင့်တက်ခဲ့

0
158

ပြည်ဝင်ခွင့် ဗီဇာဖြေလျော့ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ၂၀၂၃ ခုနှစ် နှစ်လယ်မှစ၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့်အတွက် ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု မြင့်တက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

မတ်လ ၂၀ ရက်က ပြုလုပ်သည့် ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနအနေနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေးအတွက် အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စာရင်းဇယားများအရ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ပြန်လည်တိုးတက်လာသကဲ့သို့ ပြည်တွင်းခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးဒေါ်သက်သက်ခိုင်က ပြောသည်။

မြန်မာနိုင်ငံ၏ အဓိကခရီးသွား ဈေးကွက်ဝင်နိုင်ငံများအား ပြည်ဝင်ဗီဇာဖြေလျော့ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ၂၀၂၃ ခုနှစ် နှစ်လယ်မှစ၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၇၆၉ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံသား ခရီးသွားဧည့်သည် ဝင်ရောက်မှု ၇၈ ရာခိုင်နှုန်း၊ ရုရှားခရီးသွားဧည့်သည်ဝင်ရောက်မှု ၁၃၃ ရာခိုင်နှုန်း အသီးသီးတိုးတက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာသည်နှင့်အမျှ ခရီးစဉ်ဒေသအလိုက် ဈေးကွက်၏ လိုအပ်ချက်နှင့်ဖြည့်တင်းပေးနိုင်မှု အခြေအနေများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ဆိုင်ရာကိစ္စရပ်များကို စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။

ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်းသော ရုပ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ဝန်ဆောင်မှုဆိုင်ရာနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ အခြေခံအဆောက်အအုံများကို စနစ်တကျဖွံ့ဖြိုးလာရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ လွယ်ကူချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးအတွက် ခရီးသွားဆိုင်ရာ အခြေခံအဆောက်အအုံများ လုံလောက်မှုရှိရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံ၏ ခရီးသွားပုံရိပ်ကို နိုင်ငံတကာမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံများနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နိုင်ငံတကာအစည်းအဝေးများ၊ ခရီးသွားပြပွဲများသို့ ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here