နမ့်လန် တပေါင်းပွဲတော် လုံခြုံရေးအခြေအနေများကြောင့် ယခုနှစ် မကျင်းပဖြစ်

0
205

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ နမ့်လန်တပေါင်းပွဲတော်ကို ဒေသတွင်းလုံခြုံရေးအခြေအနေများကြောင့် ယခုနှစ်တွင် မကျင်းပဖြစ်တော့ကြောင်း နမ့်လန်သံဃာ့အဖွဲ့အစည်းက အသိပေးထုတ်ပြန်ထားသည်။

ပွဲတော်ကျင်းပရေးနှင့်ပတ်သက်၍ မတ်လ(၁၆)ရက်တွင် နမ့်လန်သံဃာ့အဖွဲ့အစည်းနှင့် ဒေသတွင်း ပြည်သူလူထု၏ အစည်းအဝေးဆုံးဖြတ်ချက်အရထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရပ်ဝေးရပ်နီးမှ ပွဲတော်သို့လာရောက်ဈေးရောင်းချမည့် ဈေးသည်များအနေဖြင့် မိမိတို့၏ လုံခြုံရေးနှင့် အချိန်ကို ငဲ့သောအားဖြင့် ဈေးလာရောက်မရောင်းချရန်လည်း အသိပေးထားသည်။

ပွဲတော်မကျင်းပဖြစ်ခြင်းသည် ဒေသအတွင်း တိုက်ပွဲများကြောင့် ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေခြင်းအား စာနာထောက်ထားခြင်း၊ လမ်းတံတားများဖျက်ဆီးခံရမှုကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် သွားလာရေးအခက်အခဲဖြစ်ပေါ်နေခြင်း၊ ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ပွဲသွားပွဲလာပြည်သူများအတွက် လုံခြုံရေးအာမခံချက် ယူပေးနိုင်သည့် အဖွဲ့အစည်းမရှိခြင်းနှင့် စားဝတ်နေရေးအခက်အခဲအကြပ်အတည်းများကြောင့် ပွဲလမ်းသဘင် ကုသိုလ်ရေးများတွင် ကူညီလုပ်ဆောင်ရန် လူအင်အားမရှိခြင်း စသည့်အချက်များကြောင့် ပွဲတော်အား မကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နှစ်စဉ် တစ်ပေါင်းလပြည့်ကျော် (၈)ရက်မှ (၁၀)ရက်အထိ ကျင်းပမြဲဖြစ်သည့် နမ့်လန်တပေါင်းပွဲတော်မှာ ယခုနှစ်ကျင်းပမည်ဆိုပါက (၁၁၈)ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- NLMedia Namlan


LEAVE A REPLY

Please enter your comment!
Please enter your name here