သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများနေပြည်တော်သို့ကြွရောက်

0
167

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူတော်မူမည့် ဆရာတော်ကြီးများအား ယနေ့ မတ်လ (၂၃) ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော်အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံ ဆရာတော် (၁၀၈) ပါးနှင့် ဘွဲ့ခံသီလရှင်ဆရာကြီး (၂) ပါးတို့ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြကြောင်း သိရသည်။

ယင်းအလှူပွဲသို့ နစက ဥက္ကဋ္ဌ နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူး နှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြည်ညိုခဲ့ကြသည်။

အခမ်းအနားအစတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင် မင်းကျောင်းဆရာတော်ဘုရားကြီးထံ မှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။

ပရိတ်နာယူအပြီးနစက ဥက္ကဋ္ဌနှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးထံသို့ လည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ကြီး ထံသို့လည်းကောင်း၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက် အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ အခမ်းအနားသို့ တက်ရောက်လာသည့် အကြီး အကဲများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်ကြီးများထံသို့ လည်းကောင်းလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ကြီး ထံမှ အနု မောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်း လောင်းအမျှပေးဝေကြသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဘွဲ့ခံ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here