သရက်ခရိုင် မှန်ကျေးရွာတွင် တောမီးမှတဆင့် မီးလောင်ကျွမ်းမှု ရွာလုံးကျွတ်နီးပါး ဆုံးရှုံး

0
182

မကွေးတိုင်း ၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာတွင် မတ်လ(၂၂) ရက် မွန်းလွဲပိုင်းအချိန်ခန့်၌ တောမီးမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ရွာလုံးကျွတ်နီးပါး ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

မီးလောင်ကျွမ်း‌မှုကြောင့် အိမ်ခြေ (၁၈၀) ခန့် ရှိသည့်အနက် (၁၆၀)ခန့်မှာ မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ (၇၀၀)ခန့် မီးဘေးသင့်ခဲ့ရ ကြောင်း သိရသည်။

လက်ရှိတွင် မီးဘေးသင့်ခဲ့သည့် ကျေးရွာသားများအနေဖြင့် မီးမသင့်ဘဲကျန်ရှိခဲ့သည့် ဘုန်းကြီးကျောင်းများနှင့် လယ်ကွင်းများတွင် တဲထိုးနေထိုင်နေရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအတွင်း သက်ကြီးအမျိုးသမီးတစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု သိရသော်လည်း ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

” တောမီးကနေတဆင့် ရွာကိုကူးပြီး မီးလောင်တာ။ အိမ်ခြေများတယ်။ ကျန်တာကတော့ မီးသတ်တပ်ဖွဲ့မှာပဲ စုံစမ်းလိုက်ပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား (၄)နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရပြီး မီးလောင်ပြင်သို့ မင်းတုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၃)စီး၊ မယ်ဇလီနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ကျောက်တိုင်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၁၄) ရက် မွန်းလွဲပိုင်းကလည်း စစ်ကိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့နယ်အတွင်းရှိ ဟွေဟိုက်ကျေးရွာ၌ တောမီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး မီးသင့်ခဲ့ရပြီး၊ မီးသင့် ဒေသခံပြည်သူ (၂၀၇)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here