မန္တလေး – လားရှိုး ပြည်ထောင်စုလမ်းမတစ်စိတ်တပိုင်းနေရာများအား ပြန်လည်ပြုပြင်နေ

0
222

မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်း-ကျောက်မဲဘက်အခြမ်း ရှုခင်းသာအနီးရှိ လမ်းပိုင်းအချို့အား ပြန်လည်ပြုပြင်ပေးနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လမ်းပိုင်းအပါအဝင် ပျက်ဆီးနေသော တံတားငယ်တစ်ခုကိုလည်း ပြုပြင်ပေးနေကြောင်းနှင့် တိုက်ပွဲကြောင့် ပျက်ဆီးသွားသော ကျင်သီတံတားအနီးတွင်လည်း ယာယီတံတားထိုးခြင်းလုပ်ငန်းများစတင်ဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“ဂုတ်တွင်း ကျောက်မဲ ဘက်ခြမ်းရှုခင်းသာအနီးကပျက်စီးနေတဲ့ တံတားငယ်နဲ့ လမ်းပိုင်းနေရာအချို့ကို ပြုပြင်ပေးနေတာတွေ့ခဲ့ရပါတယ်။ ကျင်သီနားမှာလည်း ယာယီတံတား ထိုးခြင်းလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါပြီ။ နောက်ထပ် (၁၀)ရက် လောက်ဆိုအဆင်ပြေမယ်လို့ ခန့်မှန်းရပါတယ်။ ယာယီတံတား ပြီးစီးသွားရင်ဖြတ်သန်းနိုင်မယ့် နေ့ရက်ကိုစုံစမ်းပြီးတော့ တင်ပေးပါ့မယ်”ဟု ဒေသခံတစ်ဦးက သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ ကျင်သီတံတားအား ယာယီတံတားငယ်ထိုးရာတွင် စဉ့်အင်တံတားကဲ့သို့ ကားငယ်များဖြတ်သန်းသွားလာနိုင်ရန် လုပ်ဆောင်သွားမည်ဟုလည်း အဆိုပါ ဒေသခံကပင် ပြောကြာသည်။

” ကျင်သီလမ်းကြောင်းပြန်ပွင့်သွားမယ်ဆိုရင် လားရှိုး – မန္တလေး ခရီးစဉ်သွားလာနေတဲ့ ပြည်သူတွေနဲ့ ယာဉ်မောင်းတွေအတွက် အခက်အခဲ ဒုက္ခများစွာလျော့နည်းသွားမှာဖြစ်သလို ယာဉ်စီးခတွေလည်း ထက်ဝက်ခန့်လျော့ကျသွားနိုင်မယ်လို့မျှော်လင့်ရပါတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသတွင်းရှိ အဓိကကျသော တံတားအချို့ ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသတွင်း ဆက်သွယ်ထားသော တံတား (၅)စင်း ဖျက်ဆီးခံရသဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

လက်ရှိတွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး- သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊လားရှိုး- နမ္မတူ (နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ယခုလ ပထမအပတ်အတွင်း ထပ်မံဖျက်ဆီးခံခဲ့ရသည့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့မှာ ဒေသတွင်း တိုက်ပွဲများအကြား ဖျက်ဆီးခံထားရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here