နွေစပါးအတွက် ရေလှောင်တမံများရှိရေလက်ကျန်များယခင်နှစ်ထက်များ

0
122

တစ်နိုင်ငံလုံးရှိ ရေလှောင်တမံများအတွင်း ယခုလက်ရှိ ရေလက်ကျန်ပမာဏသည် ယခင်နှစ် ကာလတူကထက် ပိုမို များပြားကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

ထို့ကြောင့် ယခုနှစ်နွေစပါးနှင့် နွေသီးနှံစိုက်ဧကများကိုလည်း ယခင်နှစ်ကထက် ပိုမိုလျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်မိုးရာသီတွင် နိုင်ငံတစ်ဝန်းရှိ ရေလှောင်တမံများ၌ သိုလှောင်ထားသောရေများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလလယ်ပိုင်း မှစ၍ နွေသီးနှံစိုက်ပျိုးမှုများအတွက် စိုက်ပျိုးရေ ပေးဝေခဲ့ရာ ယခုလ (၁၅) ရက်အထိ ရေလှောင်တမံများတွင် ကျန်ရှိနေသောရေပမာဏမှာ စုစုပေါင်းကန်ရေပြည့် ပမာဏ၏ ၆၈ ရာခိုင်နှုန်းခန့်ရှိပြီးဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ကာလတူအချိန်ထက် စုစုပေါင်း ကန်ရေပြည့်ပမာဏ၏ ၅၉ ရာခိုင်နှုန်းခန့်သာ ကျန်ရှိသည့်အတွက် ယခုနှစ်တွင် ၉ ရာခိုင်နှုန်းခန့် ပိုများကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နွေရာသီတွင် ဆည်၊ မြောင်း၊ ရေလှောင်တမံများက ဖြန့်ဝေပေးသည့် ရေဖြင့် နွေစပါးနှင့်အခြားနွေသီးနှံ စုစုပေါင်းဧက ၃၂ သိန်းဝန်းကျင် လျာထားစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ရေသိုလှောင်မှုပမာဏ ပိုမိုများပြားသည့်အတွက် နွေစပါးနှင့် အခြား နွေသီးနှံ စုစုပေါင်းဧက ၃၈ သိန်းအထိ တိုးချဲ့စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။

ထိုသို့ ရေလှောင်တမံများမှ စိုက်ပျိုးရေများကို နွေစပါးနှင့် အခြားနွေသီးနှံ စိုက်ပျိုးမှုများအတွက် ဖြန့်ဝေပေးလျက်ရှိပြီး လာမည့်မိုးရာသီ မိုးဦးနောက်ကျမည့် ကာလတွင်လည်း စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်ရေးအတွက် ရေလှောင်တမံများအတွင်း ရေများချန်ထားနိုင်စေရန် စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here