လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေးသွားမည်ဟု KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီပြော

0
155

(၇၉)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) အနေဖြင့် တက်ရောက်သွားမည်ဖြစ်ပြီး အခမ်းအနားအပြီးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွှန့်က ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။

အခမ်းအနားအပြီး မတ်လ(၂၈)ရက်၌ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း KNU/KNLA-PC အနေဖြင့် လူသားချင်းဆိုင်ရာအကူအညီရရှိရေး ကိစွရပ်များကို အဓိကထားဆွေးနွေးသွားရန်ရှိကြောင်း ဗိုလ်မှူးကြီးစောကျော်ညွှန့် ပြောသည်။

“ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ မကြုံစဖူး စစ်ရေးဘောင်က အရမ်းကို ကျယ်ပြန့်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဘောင်က အရမ်းကိုကျဉ်းမြောင်းနေတဲ့ကာလဖြစ်တယ်။ စစ်ရေးဘောင်အရမ်းကျယ်ပြန့်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့်မို့ စစ်ရေးပဋိပက္ခကနေဆက်စပ် ပေါ်ပေါက်လာတဲ့ ပြည်သူလူထုကို အကူအညီပေးရေး လုပ်ငန်းက လတ်တလော အရေးတကြီးလိုအပ်နေတာလေ။ ဒီပွဲမှာ ပြည်သူလူထု လတ်တလော လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက်ကို ဆွေးနွေးသွားမယ်”ဟု ရှင်းပြသည်။

နစက အနေဖြင့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ကြားရာတွင် မကြာမီက စုဖွဲ့ခဲ့သည့် 7 EAO Alliance အနေဖြစ် ဖိတ်ကြားခြင်းမဟုတ်ဘဲ၊ တစ်ဖွဲ့ချင်းအား သီးခြားဖိတ်ခြားမှုမျိုးဖြစ်သည်ဟု ဆိုသည်။

“ဒီ (၇၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ကျွန်တော်တို့တစ်ဖွဲ့ချင်းစီ ဖိတ်ထားတဲ့ စာကိုတွေ့ပါတယ်ခင်ဗျ။ ဒီနေရာမှာအများ နားလည်မှုလွဲနေတဲ့ဟာက အခမ်းအနားဖိတ်စာဘဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်တဲ့ ဖိတ်စာဖြစ်ဖြစ် အစဉ်အလာအရ ကျွန်တော်တို့ တစ်ဖွဲ့ချင်းစီကိုပဲဖိတ်တယ်။ တစ်ဖွဲ့ချင်းစီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သွားတက်တာဖြစ်တယ်။ PPST တုန်းကလည်း PPST ခေါင်းစဉ်နဲ့ဖိတ်တာမျိုးမရှိခဲ့သလို၊ အခုစုဖွဲ့မှုအသစ်နဲ့သွားနေတဲ့ 7 EAO Alliance စုဖွဲ့မှုမျိုးနဲ့လည်း သူတို့ဖိတ်ကြားထားတာမရှိပါဘူးခင်ဗျာ။”ဟု ထပ်မံ ရှင်းပြသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သော RCSS၊ NM SP၊ KNU/KNLA-PC၊ LDU၊ ALP၊ PNLO နှင့် DKBA စသည့် အဖွဲ့(၇)ဖွဲ့ ၏ မျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့၌ ယခု မတ်လ (၁၇)ရက်နှင့်(၁၈)ရက် နှစ်တာကြာကျင်းပပြလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးအပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့၏ မဟာမိတ် (7 EAO Alliance )အားဖွဲ့စည်းခဲ့ပြီးနောက် ယခု နစက က အဆိုပါအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here