မော်လမြိုင် ရန်ကုန် အစုန်အဆန် ရထားခရီးစဉ်များ ယနေ့ပြန်လည်ပြေးဆွဲ လုံခြုံရေးအခြေအနေအရ ခရီးသည် (၉၀) ဦးသာလိုက်ပါလာဟုဆို

0
157

မော်လမြိုင် – ရန်ကုန် အစုန်အဆန် ရထားခရီးစဉ်များအား ယနေ့ မတ်လ (၂၅)ရက် နံနက်ပိုင်းတွင် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးကြေညာထားသည်။

သို‌သော် လုံခြုံရေး အခြေအနေကြောင့်ဟုဆိုကာ ယနေ့ နံနက် စတင်ပြေးဆွဲသောအမှတ် (၈၂) အစုန် မော်လမြိုင် – ရန်ကုန် ရထားတွင် မော်လမြိုင်ဘူတာကြီးမှ အထက်တန်းခရီးသည်(၄၁)ဦး ရိုးရိုးတန်းခရီးသည် (၄၉)ဦး စုစုပေါင်း ခရီးသည်ဦးရေ (၉၀)ဦး လိုက်ပါစီးနင်းခဲ့ကြောင်း အသိပေးထားသည်။

ယနေ့ မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာလာသော အမှတ် (၈၂) အစုန်ရထားသည် မော်လမြိုင်ဘူတာကြီး မှ (၈)နာရီခွဲအချိန်တွင် ထွက်ခွာခဲ့ပြီး ၊ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာလာသော အမှတ်(၈၁)အဆန် ရထားသည်လည်း နံနက် (၆) နာရီခွဲတွင် ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။

မော်လမြိုင်-ရန်ကုန်ရထားခရီးစဥ်များ နေ့စဥ်ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲတော့မည် ဖြစ်ပါ၍ အထက်တန်း (၃)ရက် ကြို၊ (၂)ရက်ကြို၊ (၁)ရက်ကြိုတင်လက်မှတ်များအား မော်လမြိုင်ဘူတာ ရက်ကြို လက်မှတ်ရုံ၌ ယနေ့ နံနက်(၇)နာရီမှ နေ့လည် (၃)နာရီ အထိရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ် (၈၂)အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် ရန်ကုန်ဘူတာကြီးသို့ ညနေ (၅)နာရီ (၄၅)မိနစ်အချိန်တွင်ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ပြန်လည်ပြေးဆွဲမည်ဟုကြေညာထားသော်လည်း လုံခြုံရေးကြောင့်ဟုဆိုကာ ရထားခရီးစဉ်များပြန်လည်ဖျက်သိမ်းခဲ့ရသေးသည်။

သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားလမ်းမိုင်းခွဲခံရပြီးပျက်စီးသွားသဖြင့် လမ်းပြင်ဆင်ပြီးချိန်တွင် ဒရုန်းနှင့်ထပ်မံတိုက်ခိုက်ခံရသဖြင့် မော်လမြိုင် – ရန်ကုန် အစုန်အဆန်ရထာခရီးစဉ်များကို မတ် (၁၈ )ရက်မှစတင်ကာ ယာယီရပ်ဆိုင်းထားခဲ့ခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ- မော်လမြိုင် ဘူတာကြီး


LEAVE A REPLY

Please enter your comment!
Please enter your name here