လာအိုနိုင်ငံတွင် နေအိမ်တစ်အိမ်မှ ဝက်ဝံသားပေါက် ၁၆ ကောင်ကို ကယ်တင်ပေးခဲ့

0
126

တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့တစ်ခုဟာ လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းရှိ နေအိမ်တစ်ခုကနေ အဟာရချို့တဲ့နေတဲ့ အာရှ ဝက်ဝံနက် ၁၆ ကောင်ကိုတွေ့ရှိခဲ့ပြီး ယခုနှစ်အတွက် အကြီးမားဆုံး ကယ်တင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၎င်းတို့ရဲ့ ရင်ဘတ်မှာ အဖြူရောင် လခြမ်းပုံ အမွေးအမှင်တွေရှိနေတာကြောင့် လဝက်ဝံလို့လည်း လူသိများတဲ့ ဝက်ဝံသားပေါက်ကလေးတွေဟာ နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး သမဂ္ဂ(IUCN) ရဲ့ Red List မှာ မျိုးသုန်းပျောက်ကွယ်ဖို့စိုးရိမ်ရတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

အာရှတစ်ဝန်းမှာ ထောင်ပေါင်းများစွာသော တိရိစ္ဆာန်တွေကို အိမ်မွေးတိရိစ္ဆာန်တွေအဖြစ်လည်းကောင်း ဒါမှမဟုတ် တန်ဖိုးကြီးတဲ့ တိုင်းရင်းဆေးဝါး ဖော်စပ်ရာမှာ သူတို့ရဲ့ သည်းခြေရည်ကို ထုတ်ယူဖို့ရာလည်းကောင်း ခြံလှောင်မွေးမြူတာတွေလုပ်ကြပါတယ်။

လာအိုနိုင်ငံရှိ ပုဂ္ဂလိက နေအိမ်တစ်အိမ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝက်ဝံသားပေါက် ၁၇ ကောင်တွေ့ခဲ့ကြတာဖြစ်ပြီး တစ်ကောင်ကတော့ ‌ေ-သဆုံးနေခဲ့ကြောင်း သဘာဝတောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့ Free the Bears က ပြောဆိုခဲ့ပါတယ်။

“အဲဒီအိမ်ကို ကျွန်တော်တို့ ရောက်သွားချိန်မှာ ဝက်ဝံသားပေါက်လေးတွေကို နေရာအနှံ့မှာ တွေ့ခဲ့ရပါတယ်” လို့ ပရဟိတအဖွဲ့မှာ အလုပ်လုပ်နေတဲ့ တိရိစ္ဆာန်ဆိုင်ရာ မန်နေဂျာ Fatong Yang က ပြောဆိုပါတယ်။ အလေးချိန် ၁.၃ ကီလိုဂရမ်ကနေ ၄ ကီလိုဂရမ်အကြား အသီးသီးရှိပြီး သက်တမ်း ၂ လမှ လေးလသားအရွယ် ဝက်ဝံသားပေါက် အထီး ၁၀ ကောင်နဲ့ အမ ၆ ကောင်ကို အဖွဲ့က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ရှိကယ်တင်ထားတဲ့ ဝက်ဝံအရေအတွက်အရ ထိန်းသိမ်းမှုတွေလုပ်နိုင်ဖို့အတွက် အဖွဲ့အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ကျွမ်းကျင်သူတွေကို ခေါ်ယူသွားမှာဖြစ်တယ်လို့ ပရဟိတအဖွဲ့ အကြီးအကဲ Matt Hunt က ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here