လာအို-တရုတ် မီးရထားလမ်းတလျှောက် ကေဘယ်လ်ကြိုးနဲ့ သံဘောင်မူလီတွေဖြုတ်ခိုးခံရမှု မြင့်တက်နေ

0
121

လာအို-တရုတ် ရထားလမ်းသစ်မှာ လျှပ်စစ်ကေဘယ်လ်ကြိုးတွေ၊ သံဘောင် မူလီတွေနဲ့ အခြား ပစ္စည်းကိရိယာတွေ ခိုးယူခံရမှု မြင့်တက်နေတာကြောင့် ဘူတာရုံတွေမှာ လုံခြုံရေးအစောင့်တွေ ထပ်တိုးငှားရမ်းချထားနေရတယ်လို့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီနှစ်ခုမှ ဝန်ထမ်းနှစ်ဦးက ပြောဆိုခဲ့ပါတယ်။

ငွေအလွယ်ရလမ်းလိုက်သူတွေဟာ ကေဘယ်လ်တွေနဲ့ မူလီတွေကို သံတိုသံစဈေးကွက်မှာ ပြန်ရောင်းကြတယ်လို့ ရထားလမ်းအနီးနေထိုင်တဲ့ ကျေးရွာသားတစ်ဦးက ဆိုပါတယ်။ သူခိုးအများစုဟာ ဆေးစွဲနေသူတွေလို့ အများက ယုံကြည်ထားကြကြောင်းလည်း သူက ပြောဆိုပါတယ်။ ရထားလမ်းနဲ့ ဘူတာတွေကို စောင့်ကြည့်ဖို့ လုံခြုံရေးအစောင့်တွေနဲ့ စစ်သားတွေ ထပ်တိုးချထားပေမယ့် သူခိုးတွေကတော့ နည်းလမ်းရှာ ကျူးလွန်နေကြဆဲဖြစ်တယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။

လာအို-တရုတ် မီးရထားလမ်းအနီးကို မသွားကြဖို့ လူတွေ အထူးသဖြင့် ဆယ်ကျော်သက်တွေကို ရွာလူကြီးက တားမြစ်ဟန့်တားပြောဆိုတာကို သူ အမြဲကြားနေရတယ်လို့လည်း ဆိုပါတယ်။

၂၀၂၂ ခုနှစ်က မီးရထားလမ်းတလျှောက် ခိုးယူမှုပြစ်ချက်တွေနဲ့ လူ ၅၂ ဦးကို ဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကတော့ ၇၁ ဦးအထိ ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

အမေရိကန်ဒေါ်လာ ၆ ဘီလီယံ အကုန်အကျခံထားတဲ့ ရထားလမ်းဟာ မြို့တော် ဗီယန်ကျင်းနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဆက်သွယ်ထားတာဖြစ်ပြီး ခရီးသွားဆွဲဆောင်ရာ လွန်ပရာဘန်အပါအဝင် လာအိုမှာ ဘူတာရုံ ၁၀ ခုကို ဖြတ်သန်းထားပါတယ်။ ဒီရထားလမ်းဟာ ခရီးသွားလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေးနဲ့ စိုက်ပျိုးရေးကုန်သွယ်မှုမှတဆင့် စီးပွားရေးမြှင့်တင်ဖို့ ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ရထားလမ်းတလျှောက် စီးပွားရေးဖွံ့ဖြိုးမှုတွေကနေ တစ်ချို့ကျေးရွာသားတွေ အကျိုးခံစားရမှုတွေရှိပေမယ့် ဒီစီမံကိန်းကြောင့် လယ်သမားများ လယ်ယာမြေဆုံးရှုံးရမှုတွေဖြစ်ခဲ့တယ်လို့လည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

Ref: RFA


LEAVE A REPLY

Please enter your comment!
Please enter your name here