တရားမဝင် ဝင်လာသည့် နိုင်ငံခြားသား ၅၀၀၀၀ ကျော်ကိုပြည်နှင်ရာ တရုတ်အများစုပါဝင်

0
147

ငါးလကျော်ကာလအတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၀၀၀၀ ကျော်ကိုပြည်နှင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄) တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီစိစစ်နိုင်ရန်၊ အမြန်ဆုံးတရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်နိုင်ရန်ရည်ရွယ်ပြီး “မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအားဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီ”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၂၈/၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ထို့ပြင်ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် အထောက်အကူပြုပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီနှင့် ဗဟိုကော်မတီအတွင်းရေးမှူးရုံးအဖွဲ့တို့ကိုလည်း ဗဟိုကော်မတီ၏ အမိန့်အမှတ် (၁/၂၀၂၃) ၊ (၂/၂၀၂၃) နှင့် (၃/ ၂၀၂၃)တို့ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၂၉) ရက်တွင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရာတွင် ဗဟိုကော်မတီအနေဖြင့် သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ သက်ဆိုင်ရာနိုင်ငံသံရုံးများသို့ သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားနိုင်ရေး ညှိနှိုင်းပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက် မှ ၂၀၂၄ ခုနှစ် မတ် ၂၅ ရက်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၅၃၀၈၉ ဦးကို ပြည်နှင်ဆောင်ရွက်ခဲ့ပြီး အဆိုပါ ပြည်နှင်လွှဲပြောင်းခဲ့သည့် နိုင်ငံခြားသားစာရင်းတွင် တရုတ်နိုင်ငံသား ၅၁၀၁၀ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍လည်းကောင်း၊ ယုံကြည်မှုအပေါ် တလွဲအသုံးချခံရသူများဖြစ်ခြင်းကြောင့်လည်းကောင်း၊ သဘော ဆန္ဒမပါဘဲ ရာဇဝတ်မကင်းသောလုပ်ငန်းများတွင် အဓမ္မခိုင်းစေခံရသူများဖြစ်ခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း အရေးယူခြင်းမပြုဘဲ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေနှင့်အညီ ပြည်နှင်လွှဲပြောင်းရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်နှင်မိန့်စောင့်ဆိုင်းနေစဉ် ကာလအတွင်းမြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် အချုပ်ထောင်များတွင် ခေတ္တထိန်းသိမ်းထားသော နိုင်ငံခြားသားများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေးအတွက် ဗဟိုကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ မတ် (၂၅) ရက်အထိ အကျဉ်းထောင်နှင့် အချုပ်ထောင်များတွင် ထိန်းသိမ်းထားရှိသော နိုင်ငံခြားသား (၈၄) ဦးကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here