နေပြည်တော်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် ကျေးရွာများအား ဂုဏ်ပြုမည်

0
156

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် ကျေးရွာများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိင်းအစည်း အဝေးပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့ မတ်လ (၂၉)ရက် မွန်းလွဲ (၁) နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ ဆုစီစစ်ရွေးချယ်ရေး နာယက နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ဆုစိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

နေပြည်တော် ကောင်စီဝင် ဦးဟန်သူက ဆုစိစစ်ရွေးချယ်ရေး အဖွဲ့များအနေဖြင့် မြို့/ရွာများမှ တင်ပြလာသည့် Video Clip များနှင့် မိမိတို့မြေပြင် ကွင်းဆင်းစဉ်က တွေ့ရှိချက်များကို အခြေခံ၍ အမှတ်ပေး စိစစ်ရွေးချယ်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆုပေးအပ်ရာတွင် အကောင်းဆုံးနှင့် ရမှတ်အများဆုံးမြို့ (၃) မြို့ကို နေပြည်တော်အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ပြုဆု (၃) ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အကောင်းဆုံးနှင့် ရမှတ်အများဆုံး ကျေးရွာ (၃)ရွာကိုလည်း နေပြည်တော်အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ပြုဆု (၃)ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

နေပြည်တော်အဆင့်တွင် ပထမရရှိသည့် မြို့ (၁) မြို့နှင့် ကျေးရွာ(၁)ရွာအား အမျိုးသားအဆင့် ဂုဏ်ပြုဆုရရှိရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆက်လက်ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်းလည်း သိရသည်။

နေပြည်တော်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့နှင့် ကျေးရွာများ ပေါ်ပေါက်လာစေရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ကျန်းမာသန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာနိုင်မှာဖြစ်ပြီး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့များ အားလုံးကလည်း လက်တွဲညီညီနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း နေပြည်တော်ကောင်စီဝင် ဦးဟန်သူက ပြောကြားခဲ့သည်။

ထိုနောက် ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးစိုးနိုင်က ပြိုင်ပွဲဝင် မြို့နှင့်ကျေးရွာများသို့ သတ်မှတ်အခြေခံစံနှုန်းများနှင့်အညီ ဆောင်ရွက်ထားမှု မြေပြင်ကွင်းဆင်းစိစစ်ခဲ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် နေပြည်တော်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် ကျေးရွာအတွက် ယှဉ်ပြိုင်လျှောက်ထားသည့် မြို့နယ် (၈) မြို့နယ်နှင့် ကျေးရွာ(၄)ရွာတို့၏ Video Clip များအား ကြည့်ရှုစိစစ်ခဲ့ကြပြီး တစ်ဦးချင်း ဆွေးနွေးအကြံပြုခြင်းများ၊ စိစစ်အကဲဖြတ် အမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုနောက် နေပြည်တော်ကောင်စီဝင်က ရှင်းလင်း ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here