ကာစီနိုများကိုထိုင်းမှာတရားဝင်ခွင့်ပြုတော့မည်

0
103

ဘန်ကောက်၊မတ် ၂၉

ထိုင်းအစိုးရသည် ကာစီနိုဥပဒေမူကြမ်းကို ရေးဆွဲရန်စဉ်းစားနေပြီး အကယ်၍ လွှတ်တော်က အတည်ပြုပါက အလုပ်အကိုင် အခွင့်အလမ်းနှင့် အစိုးရ ဝင်ငွေကို ပိုမိုရရှိစေမည့် ကြီးမားသောဖျော်ဖြေရေး တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်သာသာဗီဆင်က မတ်လ ၂၉ ရက်တွင်ပြောကြားခဲ့သည်။

ယခုလက်ရှိ၌ ကာစီနိုများသည် ထိုင်းနိုင်ငံတွင်တရားမဝင်သည့်‌ လောင်းကစားဖြစ်ပြီး ခွင့်ပြုထားသည့်လောင်းကစားမှာ အစိုးရထိန်းချုပ်ထားသည့်မြင်းပြိုင်ပွဲများနှင့်ထီသာဖြစ်သည်။သို့‌သော်မြေအောက်ကာစီနိုများနှင့် ဘောလုံးလောင်းကစားများလည်း တရားမဝင်ရှိနေကြသည်။

ထို့ကြောင့်ပင် အရှေ့တောင်အာရှ၏ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် ထိုင်းသည် ကာစီနိုများကို ရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားလာရေး၏ ဝင်ငွေရရာအခြားနည်းလမ်းတစ်ခုအဖြစ် ခွင့်ပြုရန်စဉ်းစားနေသည်။

ထိုင်းနိုင်ငံ၏တရားဝင်ကာစီနိုစျေးကွက်သည် ပြည်ပဧည့်သည်များကို ဆွဲဆောင်ရာ၌ ကြီးမားသောအောင်မြင်မှုတစ်ခုဖြစ်လာမည်ဟု လုပ်ငန်းရှင်များက ယုံကြည်ကြပြီး တရုတ်နိုင်ငံ၏ “မကာအို” အတွက် ပြင်းထန်သောပြိုင်ဆိုင်မှုတစ်ခုဖြစ်လာလိမ့်မည်ဟုလည်းယူဆကြသည်။

ထိုင်းတွင် လောင်းကစားအား တရားဝင်အသိအမှတ်ပြုလုပ်ငန်းအဖြစ်လုပ်ကိုင်ရန် ယခင်အစိုးရအဆက်ဆက် ဆွေးနွေးမှုများလုပ်ဖူးသော်လည်း ပြည်သူများ၏ကန့်ကွက်မှုကြောင့်‌မအောင်မြင်ခဲ့ပေ။

တရားမဝင် လောင်းကစားလုပ်ငန်းများ နိုင်ငံတွင်း၌ရှိ‌နေသော်လည်း ထိုင်းပြည်သူများနှင့်ခရီးသွားဧည့်သည်များသည် လောင်းကစားပြုလုပ်ခွင့်ရရန် အိမ်နီးချင်းကမ္ဘောဒီးယားသို့သွားရောက်နေကြသဖြင့် ယင်းလုပ်ငန်း၏အခွန်အခများသည် ထိုင်းနိုင်ငံအတွက်သာဖြစ်သင့်သည်ဟုလည်း ယခုအစီအစဉ်ကိုအားပေးသူများကပြောကြားခဲ့သည်။

Source : ရိုက်တာ/အာရ်ဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here