လာမည့်ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုဝင်ငွေ ပိုမိုရရှိရန်မျှော်မှန်းထား

0
147

လာမည့် ၂၀၂၄ -၂၀၂၅ ဘ‌ဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများနှင့်ကုန်သွယ်မှုဝင်ငွေ ပိုမိုရရှိရန်မျှော်မှန်းထားကြောင်း ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေထုတ်ပြန်ချက်အရ သိရသည်။

နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို အမေရိကန် ဒေါ်လာ ၁၆,၇၀၀ သန်းတင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို အမေရိကန်ဒေါ်လာ ၁၆,၃၀၀ သန်း တင်သွင်းရန် မျှော်မှန်းထားခြင်းဖြစ်သည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံ (၁၆၅၀၀ သန်း)၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၆ ဘီလျံ(သန်း ၁၆၀၀၀) ရရှိရန် ရည်မှန်းထားခြင်းဖြစ်သည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသား စီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ
(က) စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ပုံမှန်ဈေးနှုန်းအရ ၃.၈ ရာခိုင်နှုန်းတိုးတက်ရန်၊
(ခ) ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍတွင် ၂.၅ ရာခိုင်နှုန်း တိုးတက်ရန်၊ သားငါးကဏ္ဍတွင် ဝ.၈ ရာခိုင်နှုန်း တိုးတက်ရန်၊ သစ်တောကဏ္ဍတွင် ၉.၉ ရာခိုင်နှုန်း တိုးတက်ရန်၊စွမ်းအင်ကဏ္ဍတွင် ၆.၅ ရာခိုင်နှုန်း လျော့နည်းရန်၊ သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၉.၈ ရာခိုင်နှုန်းတိုးတက်ရန်၊ စက်မှုလက်မှုကဏ္ဍတွင် ၄.၂ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၆.၃ ရာခိုင်နှုန်း၊ ဆောက်လုပ်မှုကဏ္ဍတွင် ၃.၉ ရာခိုင်နှုန်း၊ ပို့ဆောင်ရေးကဏ္ဍတွင် ၆.၆ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးကဏ္ဍတွင် ၇.၃ ရာခိုင်နှုန်း ၊ငွေရေးကြေးရေးကဏ္ဍတွင် ၂.၇ ရာခိုင်နှုန်း ၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ၆.၃ ရာခိုင်နှုန်း၊ ကုန်သွယ်မှုကဏ္ဍတွင် ၃.၈ ရာခိုင်နှုန်း အသီးသီး တိုးတက်ရန်တို့ပါဝင်သည်။

လက်ရှိ ဘဏ္ဍာနှစ်ကုန်ဆုံးခါနီးအချိန်ထိပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁၄၃၁၂ သန်းနှင့် သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁၅၁၄၄ သန်းရရှိထားပြီး ကုန်သွယ်မှု လိုငွေပြနေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိပြီး ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန် ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here