မန္တလေးတွင် ငွေကျပ် (၂) ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀) သိန်းကျော်နှင့်အတူ ကွင်းဆက်တရားခံ (၆)ဦး ဖမ်းဆီးရမိ

0
146

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် (၂) ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀) သိန်းကျော်နှင့်အတူ ကွင်းဆက်တရားခံ (၆)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၂၃ ရက်၊ ည ၉ နာရီအချိန်က ပိုင်စိုး မောင်းနှင်ပြီး မအိအိမွန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားကျေးရွာရှိ ပိုင်စိုး၏ နေအိမ်နှင့် အမရပူရမြို့နယ်၊ တောတွင်းကျေးရွာရှိ မအိအိမွန်၏ နေအိမ်တို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀ ပြားအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ မတ်လ ၂၄ ရက်တွင် မဟာအောင်မြေမြို့နယ်၌ မစိန်(ခ)သက်ထား၊ မတ်လ ၂၆ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်ရပ်ကွက်၌ ဝိုင်အောင်မြင့်အား မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ကျော်ရဲသူအား ပုသိမ်ကြီးမြို့နယ်၊ ကွေ့ကြီးကုန်းကျေးရွာသွားလမ်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဂေါ်ယုံဆင်း အား ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄ လမ်း၊ ၁၀၉(B)နှင့် ၁၁၀ လမ်းကြားရှိ ၎င်း၏ နေအိမ်၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ မတ်လ ၂၇ ရက် နံနက် ၁၀ နာရီအချိန် ဝိုင်အောင်မြင့် ငှားရမ်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၆၀၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်နှင့်အတူ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here