ရေနံနှင့် သဘာဝဓာတ်ငွေ့မြေအသစ်များကို ကုန်းတွင်းနှင့် ကမ်းလွန်နေရာနှစ်ခုလုံးမှ ရှာဖွေဖော်ထုတ်မည်

0
149

ဧပြီ (၅) ရက်တွင် ပြုလုပ်သည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍ လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ခိုင်မာစေရန်ရည်ရွယ်၍ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲတွင်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စွမ်းအင်အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် Green Energy အရင်းအမြစ်များကို ပြောင်းလဲသုံးစွဲကြရမည်ဖြစ်သဖြင့် Clean Energy ဟု သတ်မှတ်သည့် သဘာဝဓာတ်ငွေ့ကို ကြားခံအဆင့် တစ်ခုအဖြစ် မလွဲမသွေသုံးစွဲသွားရဦးမည်ဖြစ်ပြီး ရုပ်ကြွင်းလောင်စာများဖြစ်သည့်ကျောက်မီးသွေး ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့အနက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အနည်းဆုံးမှာ သဘာဝဓာတ်ငွေ့ပင်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

ထို့ကြောင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံသုံး၍ စီမံဆောင်ရွက်လျက်ရှိပြီး အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် LNG တင်သွင်းခြင်းစသည် ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြု ၍ လက်ရှိထုတ်လုပ်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ တိုးတက်ထုတ်လုပ်နိုင်ရေး၊ တူးဖော်ခြင်း မပြုရသေးသည့် ကျောက်လွှာစဉ်စုများမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များထုတ်ယူရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here