လူဦးရေတိုးတက်လာမှုများကြောင့် စွန့်ပစ်အမှိုက် ထွက်ရှိမှု ပမာဏ ပိုမိုမြင့်တက်လာဟုဆို

0
143

ရန်ကုန်မြို့တော်၏ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့် လူဦးရေတိုးတက်လာမှုများကြောင့် စွန့်ပစ်အမှိုက်ထွက်ရှိမှု ပမာဏသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာနေကြောင်း ရန်ကုန်မြို့တော်
စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

ဧပြီ (၃)ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ကိုရီးယားနိုင်ငံ GES Co.,Ltd တို့ ပူးပေါင်းဆောင်ရွက်သည့် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများမှ ထွက်ရှိသော မီသိန်းဓာတ်ငွေ့များအား စုစည်းသန့်စင်၍ Generator ဖြင့် လည်ပတ်ပြီး လျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၌ (၁)ရက်လျှင် တန်(၂၅၀၀)ခန့် ထွက်ရှိသည့်အတွက် ယင်းအမှိုက်များကို မြို့တော်အတွင်းမှ သိမ်းဆည်းသယ်ယူ၍ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများတွင် ဖိကြိတ်၍ အမှိုက်တစ်လွှာမြေတစ်လွှာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများတွင် မြေနေရာရှားပါးခြင်းနှင့် အမှိုက်များလျော့နည်းစေရန် သဘာဝမြေဆွေး ပြုလုပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး အောင်းပူကြောင့် မီးလောင်မှုမဖြစ်စေရေး မီသိန်းဓာတ်ငွေ့များအား ပိုက်များဖြင့် ထုတ်လွှတ်ထားသည်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ကိုရီးယားနိုင်ငံ၊ GES Co.,Ltd ၏ နည်းပညာဖြင့် မီသိန်းဓာတ်ငွေ့များ စုစည်းသန့်စင်ပြီး လျှပ်စစ်ထုတ်ယူနိုင်ရေးကို ဆွေးနွေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်၏ အမှိုက်မူဝါဒနှင့် ပတ်သက်၍ လည်းကောင်း၊ ထိန်ပင်နှင့် ထားဝယ်ခြံရှိ အမှိုက်ပုံ ဓာတ်ငွေ့ မီးရှို့ခြင်း နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းနှင့် စပ်လျဉ်း၍ GES မှ Dr. Won Seung-hyun လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here