မြဝတီမြို့အနီးတဝိုက်တွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေသော်လည်း မြို့တွင်း၌ ပုံမှန်အတိုင်းသာ သွားလာနေကြဟု ဆို

0
172

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အနီးတွင် စစ်ရေးတင်းမာမှုအမြင့်ဆုံးအခြေအနေသို့ ရောက်နေသော်လည်း မြို့တွင်း၌ ယနေ့ ဧပြီ (၇)ရက် နံနက်ပိုင်းအချိန်အထိ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

“မြဝတီမြို့က ဒီနေ့ နံနက်ပိုင်းအထိ အေးဆေးပါပဲ။ ဆိုင်ကယ်တွေ ကားတွေလည်း ပုံမှန်သွားနေကြတယ်။ အမှတ်(၂) တံတားကိုလာတဲ့ မြေနီကုန်းလမ်းဆုံမီးပွိုင့်မှာလည်း ‌ပုံမှန်သွားနေကြတယ်။ တိုက်ပွဲဖြစ်တာက ကုန်သွယ်ရေးဇုန် ဟိုဘက်အခြမ်းမှာပါ။ သတင်းတွေကတော့ လိုင်းပေါ်မှာကောလာဟလ ပြန့်နေတာပဲ။ ဒီမှာက အေးအေးဆေးဆေးပါ” ဟု မြဝတီမြို့ခံတစ်ဦးက ယနေ့နံနက်ပိုင်း မြဝတီမြို့၏ အခြေအနေကို ပေါ်ပြူလာနယူးစ်သို့ ပြောပြသည်။

ယမန်နေ့ နံနက်ပိုင်း ဆက်သွယ်ရေးတာဝါတိုင်အချို့ ဖျက်ဆီးခံရမှုကြောင့် မြဝတီမြို့အတွင်း ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်ခဲ့သော်လည်း ညနေပိုင်းတွင် ပြန်လည်ကောင်းမွန်းခဲ့ပြီး အင်တာနက်လိုင်းပြတ်တောက်မှုအနည်းငယ်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“အင်တာနက်လိုင်းက မနေ့က မနက် (၁၀)နာရီလောက်အထိရသေးတယ်။ အဲဒီနောက်ပိုင်း အခုအချိန်အထိ ရတစ်ချက်မရတစ်ချက်နဲ့ လိုင်းတွေမကောင်းဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်အတွင်းရှိ တပ်မတော် တပ်စခန်းအချို့ကို KNU လက်အောက်ရှိ KNLA နှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်နေကြခြင်းဖြစ်ပြီး ကော့ကရိတ်မြို့တွင်လည်း ပြီးခဲ့သည့်လအနည်းငယ်အတွင်းကပင် တိုက်ပွဲများပြင်းထန်နေပြီး မြို့တစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ကော့ကရိတ်မြို့အပါအဝင် အနီးပတ်ဝန်းကျင်မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသလို သင်္ဃန်းညီနောင်နှင့် အနီးတဝိုက်ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသတွင်း သတင်းမြစ်များထံမှ သိရသည်။

သင်္ဃန်းညီနောင်အနီးတဝိုက်သည် ကရင်နယ်ခြားစောင့်တပ် (BGF) အားကောင်းသည့် နယ်မြေဖြစ်သော်လည်း BGF တပ်ဖွဲ့များအနေဖြင့် ပြီးခဲ့သည့်လအနည်းငယ်အတွင်းကပင် မြန်မာ့တပ်မတော် လက်အောက်မှ ခွဲထွက်ကာ ကရင်အမျိုးသားတပ်မတော် (KNA) အနေဖြင့် သီးခြားရပ်တည်နေသည့် အနေအထားလည်း ဖြစ်သည်။

မြဝတီမြို့ အနီးတဝိုက်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း မြဝတီ – မဲဆောက် ချစ်ကြည်ရေး (၂) ခုစလုံးကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး ဒေသခံပြည်သူများ ဖြတ်သန်းသွားလာလျက်ရှိသည့်အပြင် ကုန်စည်တင်ယာဉ်များလည်း ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-Mahar
ဧပြီ ၆ ရက် ညနေ ၆ နာရီဝန်းကျင် မြ၀တီမြို့ မြင်ကွင်း
Photo Crd. – Mahar


LEAVE A REPLY

Please enter your comment!
Please enter your name here