လော့စ်အိန်ဂျလိစ်ငွေတိုက်တစ်ခုမှ ငွေသား ဒေါ်လာ သန်း ၃၀ ခိုးယူခံရ

0
149

လော့စ်အိန်ဂျလိစ်ကောင်တီ ဆန်ဖာနန်ဒိုတောင်ကြားရှိ ငွေတိုက်တစ်ခုမှ ငွေသား ဒေါ်လာ သန်း ၃၀ ခိုးယူခံရပြီးနောက် မြို့၏သမိုင်းတွင် အကြီးဆုံးသော ငွေသား ခိုးယူမှုတစ်ခုအား စုံစမ်းစစ်ဆေးနေကြောင်း FBI နှင့် လော့စ်အိန်ဂျလိစ် ရဲဌာနတို့မှ စုံစမ်းရေးအရာရှိများက ပြောကြားခဲ့သည်။

အဆိုပါ ဖောက်ထွင်းခိုးယူမှုမှာ ဒေသတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းများမှ ငွေကြေးများကို ကိုင်တွယ်သိမ်းဆည်းထားသည့် ဆန်ဖာနန်ဒိုတောင်ကြား ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ စက်ရုံတစ်ရုံ၏ ငွေတိုက်တွင် အီစတာတနင်္ဂနွေညက ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်တိုင်းမ်စ်သတင်းစာက ထိုအဖြစ်အပျက်ကို ပထမဆုံးဖော်ပြခဲ့သည်။

FBI သည် အဆိုပါ “ကြီးမားသောခိုးယူမှု ကို လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စုံစမ်းမှုများ လုပ်ဆောင်နေဆဲဖြစ်သဖြင့် အခြားအသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားဦးမည်မဟုတ်ကြောင်း သိရသည်။

ဖောက်ထွင်းဝင်ရောက်သူများသည် အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခဲ့ရာတွင် အချက်ပေးစနစ်များကို ကျော်လွန်၍ ငွေတိုက်အခန်းထဲသို့ ဝင်ရောက်နိုင်ခဲ့သဖြင့် ၎င်းတို့၏ ရှောင်လွှဲနိုင်မှုအပေါ် အခြေခံ၍ ခေတ်မီဆန်းပြားသော အုပ်စုဖြစ်သည်ဟု ယူဆကြောင်း စုံစမ်းရေးမှူးများက ဆိုသည်။ ယင်းအဖွဲ့သည် စက်ရုံအတွင်းမှ အခြေအနေများကို ကြိုတင်သိရှိနေခြင်း ရှိမရှိကို ဦးတည်၍ စုံစမ်းနေကြောင်း စုံစမ်းရေးမှူးများကပြောသည်။

အဆိုပါ စက်ရုံ၏ လုံခြုံရေးဆိုင်ရာကိစ္စအ၀၀ကို ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတစ်ခုဖြစ်သည့် GardaWorld ကုမ္ပဏီက တာဝန်ယူထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ယခင်ကအကြီးဆုံးသော ငွေသားခိုးယူခံရမှုမှာ ၁၉၉၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သော Mateo Street ရှိ Dunbar Armored Inc. ၏စက်ရုံဟောင်းတွင်းမှ ငွေသား ဒေါ်လာ ၁၈ ဒသမ ၉ သန်းခိုးယူခံရမှုဖြစ်ပြီး တရားခံများကို ဖမ်းမိခဲ့ကြောင်း လော့စ်အိန်ဂျလိစ်တိုင်းမ်စ်သတင်းစာကဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here