ဒေသတွင်းလုံခြုံရေးမြှင့်တင်ရန် တောင်ကိုရီးယား၊ဖိလစ်ပိုင်တို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဂျပန်ကြိုးပမ်းနေ

0
167

တိုကျို၊ဧပြီ ၅

ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဒေသတွင်း လုံခြုံရေးကို မြှင့်တင်ရန် အမေရိက၏မဟာမိတ်နိုင်ငံများဖြစ်သော တောင်ကိုးရီးယား၊ဖိလစ်ပိုင်တို့နှင့်ပူးပေါင်းလိုသည့်အပြင် မြောက်ကိုရီးယားနှင့်ပါ ထိတွေ့ဆက်ဆံလိုကြောင်းကို ဧပြီလ ၅ ရက်နေ့တွင်ပြောကြားခဲ့သည်။

“လက်ရှိလုံခြုံရေးပတ်ဝန်းကျင်က ခက်ခဲကြမ်းတမ်းပြီး ရှုပ်ထွေးပါတယ်၊ကျွန်တော်တို့ဟာ သမိုင်းရဲ့အလှည့်အပြောင်းတစ်ခုကိုရောက်နေပါပြီ” ဟု ကီရှီဒါကပြောကြားခဲ့ပြီး “ဂျပန်နဲ့အမေရိကအပါအဝင် အခြားစိတ်တူကိုယ်တူ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ရေးဟာ အလွန်အရေးကြီးတဲ့ကိစ္စရပ်တစ်ခုပါ” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

မဟာမိတ်များသည် အာရှ၌ တရုတ်၏လွှမ်းမိုးမှုကြီးမားလာခြင်းကိုတန်ပြန်ရန်နည်းလမ်းများရှာဖွေကာ ဒေသတွင်းအငြင်းပွားမှုများကိုဖြေရှင်းရန်နှင့် စစ်ရေးအရအရေးယူရခြင်းမှ ရှောင်ကြဉ်နိုင်ရန် လာမည့်သီတင်းပတ်၌ ကန်သမ္မတဂျိုးဘိုင်ဒင်နှင့်စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဂျပန်ခေါင်းဆောင်ကယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“ဂျပန်၊အမေရိကနဲ့ ဖိလစ်ပိုင်တို့ ရဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသတွင်းစီးပွားရေးသာယာဝပြောရေးကို အခြေခံတဲ့ လွတ်လပ်ပွင့်လင်းမှုအတွက်အရေးကြီးပါတယ်” ဟုလည်းကီရှီဒါကပြောကြားခဲ့သည်။

ဂျပန်သည် ပြီးခဲ့သည့်နှစ်ကလည်း ဖိလစ်ပိုင်သို့ လေကြောင်းရန်ကာကွယ်ရေးရေဒါ လေးစင်းပေးပို့ခဲ့ပြီး ဂျပန်စစ်တပ်များက လေ့ကျင့်ရန် ပိုမိုလွယ်ကူစေမည့် မနီလာနှင့်အပြန်အလှန်သဘောတူညီချက်တစ်ရပ်ကိုပါညှိနှိုင်းလျက်ရှိသည်ဟုလည်းသိရသည်။

ထို့အပြင် နျူကလီးယားလက်နက်ပိုင်ဆိုင်သော အစိုးရနှင့် တင်းမာသောဆက်ဆံရေး ကောင်းမွန်လာစေဖ်ု့ ကြိုးပမ်းရာ၌လည်း မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းနှင့်တွေ့ဆုံရန်ဆန္ဒရှိကြောင်း ကီရှီဒါကဆက်လက်ပြောကြားခဲ့သေးသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here