နေပြည်တော်ကို ဗဟိုပြု၍ တိုင်းပြည်သာယာဝပြောရေးကို ဘာသာရေးပိုင်းဆိုင်ရာမှ ဆောင်ရွက်ရေးသည် မိမိ၏
ရည်ရွယ်ချက်ဖြစ်ကြောင်း နစက ဥက္ကဌ ပြောကြား

0
154

နေပြည်တော်ကို ဗဟိုပြု၍ တိုင်းပြည်သာယာဝပြောရေးကို ဘာသာရေးပိုင်းဆိုင်ရာမှ ဆောင်ရွက်ရေးသည် မိမိ၏
ရည်ရွယ်ချက်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဧပြီ (၁၂)ရက် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားမိန့်ခွန်းတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နစကဥက္ကဌ မိန့်ခွန်းတွင် ဘာသာရေးဆိုသည်မှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုများကိုဆောင်ကျဉ်းပေးသည်သာဖြစ်ကြောင်း၊ ဘာသာရေးကို အမှန်တကယ် ထိထိရောက်ရောက်ရိုးရိုးသားသားဖြင့် ဆောင်ရွက်မည်ဆိုပါက ဒေသအားလုံးတွင် တည်ငြိမ်အေးချမ်းမှုကို များစွာအထောက် အကူပြုစေမည်ဖြစ်သည့် အခြေခံပင်ဖြစ်ကြောင်း၊ ဘာသာတရားများ၏ အခြေခံအားလုံးတွင် အဆိုပါအချက်များ ဖော်ပြထား သည်ကို တွေ့ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် နိုင်ငံတော်အနေဖြင့် မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှုအများဆုံးဖြစ်သော်လည်း အခြားဘာသာကိုးကွယ်သူများကိုလည်း အသိအမှတ်ပြုပြီး လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှုများကို ရရှိမည်ဟုယုံကြည်ကြောင်း၊ ကမ္ဘာ့နိုင်ငံများကိုကြည့်ပါကလည်းမိမိတို့နိုင်ငံကဲ့သို့ အခြေအနေမျိုးရှိသည့်နိုင်ငံများရှိသကဲ့သို့ ဘာသာတစ်ခုတည်းကိုသာအခွင့်အရေးပေးပြီး အခြားဘာသာရေးများကို အခွင့်အရေးမပေးသည့် နိုင်ငံများလည်းရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့်အချို့နေရာများတွင်ဘာသာရေးအရပဋိပက္ခ များဖြစ်ပွားပြီး ဘာသာရေးအရတည်ငြိမ်မှုပျက်ပြားခဲ့သည်များရှိကြောင်းထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေ (၅၆) သန်းခန့်နေထိုင်ကြပြီး မိရိုးဖလာဗုဒ္ဓဘာသာကိုးကွယ်မှု (၉၀) ရာခိုင်နှုန်းခန့်၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ( ၆) သန်းနီးပါးခန့်၊ အစ္စလာမ်ဘာသာကိုးကွယ်သူ (၂ )သန်းကျော်ခန့်နှင့် ဟိန္ဒူဘာသာကိုးကွယ်သူ (၅ )သိန်းကျော်ခန့်ရှိပြီး အခြားဘာသာများလည်း ကိုးကွယ်သူများရှိကြကြောင်း၊ထို့ကြောင့် တိုင်းပြည်တွင်နေထိုင်ကြသူများ၏ အသိ၊ ပညာ၊ စိတ်ဓာတ်များ ကောင်းအောင်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တိုင်းပြည်အပေါ်တွင် စေတနာထား၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဘာသာရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုကြောင်း၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများအနေဖြင့်လည်း တိုင်းပြည်ကို မည်သို့ကောင်းအောင်ဆောင်ရွက်မည်ဆိုသည့်စိတ်ဖြင့် စေတနာထား၍ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။

ထို့နောက် နှစ်သစ်ကူးအခါသမယတွင်လက်ဆောင်အနေဖြင့်  နိုင်ငံတော်ဝန်ကြီးချုပ်ကဘာသာရေးအသင်းအဖွဲ့များအတွက် ဘာသာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရန်အတွက် မြေပေးမိန့်များကိုပေးအပ်ရာ ဗုဒ္ဓဘာသာကိုယ်စားလှယ်၊ ကက်သလစ်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊နှစ်ခြင်း ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ အင်္ဂလီကန်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ ဆွန်နီအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ရှီယာအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ဟိန္ဒူဘာသာကိုယ်စားလှယ်တို့က အသီးသီးလက်ခံရယူကြသည်။

အဆိုပါ  တွေ့ဆုံပွဲအခမ်းအနားသို့သက်ဆိုင်ရာတာဝန်ရှိသူများအပါအဝင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ နေပြည်တော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များ၊ အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့များ၊ ဟိန္ဒူ ဘာသာရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here