ရန်ကုန်နှင့် ဧရာဝတီအပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင်လည်း နေ့အပူချိန်များ ထပ်တိုးလာနိုင်ကြောင်း မိုးဇ/လ သတိပေး

0
183

လာမည့် (၂)ရက်အတွင်း ရန်ကုန် ၊ ဧရာဝတီ နှင့် မြန်မာနိုင်ငံအလယ်ပိုင်းက ဒေသအချို့တွင် နေ့အပူချိန်များ ထပ်တိုးလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ဧပြီလ (၂၀)ရက်တွင် ထုတ်ပြန်သတိပေးထားသည်။

ယနေ့ နေ့လယ် (၂) ရီအချိန် ထုတ်ပြန်သည့် မိုးလေဝသ သတိပေးချက်အရ နောက်(၂) ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေ့အပူချိန်များတိုးလာနိုင်ကြောင်း သိရသည်။

ယနေ့ နံနက် (၉)နာရီခွဲအချိန်ထိ မိုးလေဝသတိုင်းထွာချက်အရ လွန်ခဲ့သော(၂၄)နာရီအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး၊ ကချင်ပြည်နယ်တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီဆဲလ်စီးယပ်လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်နှင့် ညောင်ဦးမြို့၊ တံတားဦး၊ မင်းဘူးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် ၄၃ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြပြီး မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မိုးကောင်းမြို့တွင် ၁.၆၉ လ က်မ၊ မြစ်ကြီးနားမြို့တွင် ဝ.၉၄ လက်မ၊ ခန္တီးမြို့တွင် ဝ.၄၇ လက်မ၊ မူဆယ်မြို့တွင် ဝ.၄၃ လက်မနှင့် မိုင်းယန်းမြို့တွင် ဝ.၂၀ လက်မတို့ ဖြစ်ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

မနက်ဖြန်နံနက်အထိ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကျဲကျဲနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်သည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အနီးတစ်ဝိုက် မနက်ဖြန်နံနက်အထိ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here