ဝင်ငွေတိုးတက်ရရှိရေးအတွက် ထုတ်လုပ်ထားရှိသည့် ကုန်ချောလက်ကျန်များ ကုန်စင်အောင်ရောင်းချရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

0
326

အစိုးရပိုင် အထည်ချုပ်စက်ရုံများအနေဖြင့် ဝင်ငွေတိုးတက်ရရှိရေးအတွက် ထုတ်လုပ်ထားရှိသည့် ကုန်ချောလက်ကျန်များ ကုန်စင်အောင်ရောင်းချရန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားသည်။

ဧပြီ (၂၀) ရက်တွင် အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) နှင့် အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) တို့ကို ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကြည့်ရှုစစ်ဆေးစဉ် စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများအား MSME လုပ်ငန်းရှင်များသိရှိအောင် ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံရှိ အလိုအလျောက်ထိန်းချုပ်မောင်းနှင်သည့်စက်များကို ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်နိုင်ရေး ဆောင်ရွက်ရန် ပြည်ထောင်စု ဝန်ကြီးက မှာကြားခဲ့ကြောင်းသိရသည်။

ထို့အပြင် စက်ရုံရှိ တပ်ဆင်ထားသည့်စက်များ စွမ်းအားပြည့်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံအတွင်းနှင့် ကုန်ကြမ်း၊ ကုန်ချောဂိုဒေါင်တို့တွင် မီးငြှိမ်းသတ်ရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံအောင်ထားရှိရန် ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့ရှိ အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) သို့ရောက်ရှိပြီး ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများကို စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်၊ ဝန်ကြီးဌာနများမှ အမှာစာဖြင့် မှာယူထားသည့် ထုတ်ကုန်ပစ္စည်းများကို အချိန်မီပေးပို့နိုင်ရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများကို ကြိုတင်စဉ်းစား၍ အစီအမံများရေးဆွဲထားရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်နှင့် ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူဖြည့်ဆည်းထားရန်နှင့် စက်ရုံတွင် တပ်ဆင်ထားရှိသော စက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုပြင်နိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်ပေးရန်တို့ကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here