မြဝတီ – မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတား ဖြတ်သန်းခွင့် ယာယီပိတ်ထား

0
182

ထိုင်း – မြန်မာနယ်စပ်ရှိ မဲဆောက် – မြဝတီ အမှတ်(၁) ချစ်ကြည်ရေးတံတားကို ယနေ့ ဧပြီ(၂၁) ရက် နံနက်အစောပိုင်းက စတင်ကာ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်လိုက်ကြောင်း သိရသည်။

မြဝတီမြို့ အနီးတဝိုက်တွင် မြန်မာ့တပ်မတော်နှင့် KNLA ၊ PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံပြည်သူများ မဲဆောက်ဘက်ခြမ်းသို့ စစ်ဘေးရှောင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

ယနေ့ နံနက်အစောပိုင်းက စတင်ကာ ရာနှင့်ချီသော ဒေသခံပြည်သူများ မဲဆောက်ဘက်သို့ကူးရန်အတွက် အမှတ်(၁) ချစ်ကြည်ရေးတံတားအနီး လာရောက်စောင့်ဆိုင်းနေကြပြီး နံနက် (၈) နာရီဝန်းကျင်တွင် မြန်မာဘက်ခြမ်းက တံတားဂိတ်အား သော့ခတ်ပိတ်ခဲ့သည့်အတွက် ကူးမရတော့ကြောင်း မြို့ခံသတင်းရင်းမြစ်အချို့ထံမှ သိရသည်။

ယင်းကဲ့သို့ တံတားအား ယာယီပိတ်လိုက်ရခြင်းမှာ ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ထုတ်ပေးရေးအတွက် စာရွက်စာတမ်းမလုံလောက်၍သာဖြစ်ပြီး ယာယီသာပိတ်ထားခြင်းဖြစ်ကြောင်း တံတားတွင် တာဝန်ထမ်းဆောင်နေသည့် တာဝန်ရှိသူများနှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။

” တံတား ပိတ်လိုက်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အများထင်သလိုမဟုတ်ပါဘူး။ စာရွက်စာတမ်း မလုံလောက်လို့ ယာယီ ပိတ်လိုက်တဲ့သဘောပါ။ လူက အရမ်းများတယ်လေ။ ဟိုဘက်ကူးဖို့စောင့်နေကြတာ” ဟု ၎င်းကဆိုသည်။

မဲဆောက် – မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ယမန်နေ့ နံနက်အစောပိုင်းတည်းက တိုက်ပွဲများ ပြင်းထန်နေပြီး ယနေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

တပ်မတော်က လေကြောင်းပစ်ခတ်မှုများ အပြင်းအထန်လုပ်ဆောင်နေသည့်အတွက် ဒေသခံအများစုမှာ ယမန်နေ့ နံနက်ပိုင်းကပင် သောင်ရင်းမြစ်အား ဖြတ်ကူး၍ မဲဆောက်ဘက်ခြမ်းသို့ တိမ်းရှောင်နေကြခြင်းလည်း ဖြစ်သည်။

ထိုင်းအာဏာပိုင်များက စစ်ဘေးရှောင်ဒေသခံ (၃၀၀၀) ဝန်းကျင်ကိုသာ လက်ခံထားသေးပြီး ထောင်နှင့်ချီသော စစ်ဘေးရှောင်ပြည်သူများမှာ မြဝတီဘက်ခြမ်း သောင်ရင်းမြစ်ကမ်းနံဘေးရှိ ဂိတ်များတွင် ပိတ်မိနေဆဲဖြစ်သည်။

အလားတူ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တရားဝင်ကူးမည့် ဒေသခံ ရာနှင့်ချီသည်လည်း တံတားပိတ်လိုက်သည့်အတွက် ကမ်းကူးမရဘဲ ပိတ်မိနေသည့်အခြေအနေရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မဲဆောက်ဘက်သို့ ကူးကြမည့် စစ်ဘေးရှောင်များအား ယခုထက်ပိုမိုလက်ခံနိုင်ရေးနှင့် အကူအညီပေးရေးကိစ္စများအတွက် ‌စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူများနှင့် မဲဆောက်မြို့တော်ဝန်တို့ ယမန်နေ့ညပိုင်းက တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း မဲဆောက်ရှိ မြန်မာအသိုင်းအဝိုင်းထံ မှ သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here