ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့ဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် မဲဆောက်သို့ လာရောက်ရန်ရှိ

0
158

ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ဒေသခံပြည်သူ ထောင်နှင့်ချီကာ မဲဆောက်မြို့ဖက်သို့ ထွက်ပြေး တိမ်းရှောင်နေရသည့်အခြေအနေဖြစ်သည်။

ယင်းကဲ့သို့ ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးသင့် ပြည်သူများ၏ အခြေအနေနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် မဲဆောက်မြို့သို့ လာရောက်ကြည့်ရှုရန် အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများက ဖော်ပြလျက်ရှိသည်။

လက်ရှိတွင် မဲဆောက်ဘက်ခြမ်းသို့ ရောက်ရှိနေသည့် မြဝတီဒေသခံ စစ်ဘေးရှောင် ပြည်သူ (၃၀၀၀) ကျော် ရှိနေပြီး မဲဆောက် မြို့တော်ဝန်ရုံး၏ စီမံခန့်ခွဲမှုဖြင့် အကူအညီပေးလျက်ရှိကြောင်း သိရသည်။

မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်သို့ ကူးလာမည့် မြန်မာစစ်ဘေးရှောင်တစ်သိန်း ဝန်းကျင်အတွက် အကူအညီပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်း ထိုင်းအစိုးရက ပြီးခဲ့သည့် ရက်ပိုင်းတွင် တရားဝင်ပြောကြားထားသော်လည်း လက်ရှိတွင် ဒုက္ခသည်များ ဝင်ရောက်ခွင့်အတွက် ကန့်သတ်ထားဆဲဖြစ်သည်။

လက်ရှိတွင် ထိုင်းဘက်အခြမ်းသို့ ဝင်ရောက်လာသည့် စစ်ဘေးသင့်ပြည်သူများအား မဲဆောက်မြို့အနီးက နွားခြံအချို့တွင် ယာယီပြင်ဆင်နေရာချထားပေးလျက်ရှိပြီး ကျန်ရှိနေသည့် စစ်ဘေးရှောင်များကို ထပ်မံလက်ခံနိုင်ရေး ညှိနှိုင်းမှုများလုပ်ဆောင်နေကြောင်းလည်း သိရသည်။

မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းနံဘေးတွင် ကမ်းကူးခွင့်ရရှိရေး စောင့်ဆိုင်းနေကြသည့် ဒေသခံပြည်သူ ထောင်နှင့်ချီ ရှိနေဆဲဖြစ်ပြီး ထိုင်းစစ်တပ်မှလည်း မဲဆောက်ဖက်ခြမ်းတွင် လုံခြုံရေးတိုးမြှင့်ကာ စောင့်ကြည့်နေဆဲ ဖြစ်သည်။

ထို့အပြင် ထိုင်းလေတပ်မှလည်း မြဝတီမြို့အနီး မဲဆောက်ဘက်ခြမ်းရှိ ၎င်းတို့၏ လေပိုင်နက်တွင် ၂၄ နာရီကင်းလှည့် စောင့်ကြည့်လျက်ရှိပြီး မြန်မာလေယာဉ်များ ထိုင်းလေပိုင်နက်အတွင်းဝင်ရောက်လာပါက အချိန်မရွေးပစ်ချရန် အမိန့်ပေးထားကြောင်းလည်း သိရသည်။

ဓာတ်ပုံ – AFP


LEAVE A REPLY

Please enter your comment!
Please enter your name here