ဆီးရီးယားရှိ အမေရိကန် စစ်စခန်း ဒုံးကျည်ငါးစင်းဖြင့် ပစ်ခတ်ခံရပြီး အမေရိကန်တပ်တွေကို တိုက်ခိုက်မှုပြန်စပြီဟု အီရတ် စစ်သွေးကြွအုပ်စု ကြေညာ

0
217

ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ အမေရိကန် စစ်စခန်းတစ်ခုကို တနင်္ဂနွေနေ့မှာ အီရတ်နိုင်ငံ ဇွမ်မားမြို့ကနေ အနည်းဆုံး ဒုံးကျည်ငါးစင်းခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရပါတယ်။ တစ်ချိန်တည်းမှာ အီရတ်ရှိ စစ်သွေးကြွအုပ်စုတစ်ခုက အမေရိကန်တပ်တွေအပေါ် တိုက်ခိုက်မှုပြန်စပြီလို့ ကြေညာလိုက်တာကြောင့် ယင်းတိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်ပုံရပါတယ်။

အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြု အုပ်စုတွေဟာ အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေကို ဖေဖော်ဝါရီလကစလို့ ရပ်တန့်ထားခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့က တိုက်ခိုက်မှုဟာ ယင်းနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်တပ်တွေကို ပြန်လည်တိုက်ခိုက်လာမှုဖြစ်ပါတယ်။

အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယာ အယ်ဆူဒါနီ အမေရိကန်ကို သွားရောက်ပြီး အိမ်ဖြူတော်မှာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံးခဲ့တဲ့ ခရီးစဉ်အပြီး နောက်တစ်ရက်မှာပဲ ယခုတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

အယ်ဆူဒါနီရဲ့ ဝါရှင်တန်ခရီးစဉ်အတွင်း အီရတ်နိုင်ငံကနေ အမေရိကန်တပ်တွေ ထွက်ခွာပေးရေး အထမြောက်စေဖို့ ဆွေးနွေးမှုတွေမှာ အနည်းငယ်မျှသာ တိုးတက်မှုရှိခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် နိုင်ငံအတွင်း တည်ရှိနေတဲ့ အမေရိကန်တပ်တွေကို တိုက်ခိုက်မှုပြန်စဖို့ အီရတ်လက်နက်ကိုင်အုပ်စုတွေ ဆုံးဖြတ်ခဲ့ကြတယ်လို့ အီရတ်ရဲ့ ခါတစ်ဘ်ဟစ်ဇဘိုလာအုပ်စုက ပြောဆိုခဲ့ပါတယ်။

“မကြာခင်က ဖြစ်ခဲ့တာတွေက အစပဲရှိပါသေးတယ်” လို့ ယင်းအုပ်စုက ပြောဆိုပါတယ်။

ဆီးရီးယား စစ်ပွဲ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ဒါရိုက်တာ ရာမီ အဗ္ဗဒယ် ရာချ်မန်က ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ အမေရိကန်တပ်တွေ စခန်းချထားရာ Kharab al-Jir အခြေစိုက်စခန်းကို အီရတ်ပိုင်နက်ကနေ ဒုံးကျည်အများအပြားနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ အီရတ်လုံခြုံရေးတပ်ဖွဲ့ကလည်း နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ အခြေစိုက်စခန်းကို ပစ်မှတ်ထားကာ ဥပဒေမဲ့အဖွဲ့အစည်းတွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် အီရတ်လုံခြုံရေးတပ်ဖွဲ့တွေက မြောက်ပိုင်းပြည်နယ် Nineveh မှာ စီးနင်းရှာဖွေမှုတွေလုပ်ခဲ့ပြီး တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်တစ်စီးကို တွေ့ရှိခဲ့ကြောင်းနဲ့ ယင်းယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

Ref: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here