ဖိလစ်ပိုင်-အမေရိကန် နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင် 

0
132

ပေကျင်းရဲ့ အတင့်ရဲလာတဲ့ခြေလှမ်းတွေကြောင့် ဒေသတွင်း ပဋိပက္ခတစ်ခုဖြစ်လာမယ့်အရေး စိုးရိမ်မှုတွေမြင့်တက်နေစဉ် ထောင်နဲ့ချီတဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ဖိလစ်ပိုင်နိုင်ငံမှာ တနင်္လာနေ့(ဧပြီ ၂၂) က ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါတယ်။ 

Balikatan လို့ အမည်ပေးထားတဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ပြင်ရဲ့ ပဋိပက္ခအစပျိုးနိုင်ခြေရှိရာနေရာအနီး ကျွန်းစုနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်းအစိတ်အပိုင်းတွေမှာ အဓိကလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 

ဝါရှင်တန်နဲ့ မနီလာဟာ စာချုပ်ဝင် မဟာမိတ်နိုင်ငံတွေဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ တာဝန်ယူခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာလက်ထက်ကစလို့ နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာခဲ့ပါတယ်။

လက်နက်အင်အား နည်းပေမယ့် တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်တို့နဲ့ နီးစပ်တဲ့ ဖိလစ်ပိုင်ဟာ တရုတ်-အ​မေရိကန် ပဋိပက္ခတစ်ခု ပေါ်ပေါက်လာပါက အမေရိကန်အတွက် အဓိကမိတ်ဖက်နိုင်ငံဖြစ်လာဖို့ရှိပါတယ်။ 

ဖိလစ်ပိုင်ကမ်းလွန်ရှိ သန္တာကျောက်ကျွန်းတွေကို ကင်းလှည့်မှုနဲ့ပတ်သက်ပြီး တရုတ်ကမ်းခြေစောင့်တပ်နဲ့ ကြိမ်ဖန်များစွာ ထိပ်တိုက်တွေ့မှုတွေဖြစ်ထားခဲ့တဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဟာ ယခုနှစ် စစ်ရေးလေ့ကျင့်မှုမှာ ပထမဆုံးအကြိမ် ပါဝင်လာမယ်လို့လည်း သိရပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေအတွင်း ပါလာဝမ်ပြည်နယ်ရှိ ကျွန်းတစ်ခုကို လက်နက်ကိုင်ပြန်သိမ်းယူတဲ့ အသွင်တူ စစ်ရေးလေ့ကျင့်မှုတစ်ခုလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ 

အလားတူ လေ့ကျင့်မှုမျိုးကို ထိုင်ဝမ်ကနေ မိုင် ၁၈၀ နီးပါးဝေးတဲ့ မြောက်ပိုင်းပြည်နယ်တွေဖြစ်သော Cagayan နဲ့ Batanes တို့မှာ လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကလိုပဲ မြောက်ပိုင်း Ilocos Norte ပြည်နယ်ကမ်းလွန်မှာ သင်္ဘောတစ်စင်းကို တိုက်ခိုက်နှစ်မြှုပ်တဲ့ လေ့ကျင့်ခန်းလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကတော့ အမေရိကန်ဟာ စစ်ရေးထိပ်တိုက်တွေ့မှုတွေဖြစ်အောင် တွန်းအားပေးနေတယ်လို့ စွပ်စွဲခဲ့ပြီး ဖိလစ်ပိုင်အနေနဲ့ လမ်းကြောင်းမှားပေါ် လျှောတိုက်ကျနေမှုကို ရပ်တန့်ဖို့ သတိပေးခဲ့ပါတယ်။ 

ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွေကို မေလ ၁၀ ရက်နေ့အထိ လုပ်ဆောင်သွားမယ်လို့ သိရကာ အမေရိကန်တပ်ဖွဲ့ဝင် ၁၁၀၀၀ နဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၅၀၀၀ ပါဝင်မှာဖြစ်သလို သြစတြေးလျနဲ့ ပြင်သစ် စစ်သည်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

 Yahoo.com


LEAVE A REPLY

Please enter your comment!
Please enter your name here