တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးအတွက် အလေးထားဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

0
648

နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိစေရေး၊ စားသောက်ကုန်များနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရေးနှင့် နိုင်ငံ၏ ငွေကြေးတန်ဖိုးများခိုင်မာစေရေး နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဧပြီလ (၂၂) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးတွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်(၄/၂၀၂၄) တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက အစိုးရ၏ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ တည်ငြိမ်အေးချမ်းမှုရှိပြီး ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ စားရေရိက္ခာပေါများရေးအနေဖြင့် နိုင်ငံတော်တွင် လူတစ်ဦးချင်းစီသည်အခြေခံ ဝင်ငွေဖြင့်ပင် စိတ်အေးချမ်းသာစွာနေထိုင်စားသောက်နိုင်ခြင်းပင်ဖြစ်ကြောင်း ဦးစွာပြောကြားခဲ့သည်။

တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးအတွက် အဓိကလိုအပ်ချက်မှာ ပြည်တွင်း၌ထုတ်ကုန်များပြည့်ဝစွာဖြင့် ထုတ်လုပ်နိုင်ရေးပင်ဖြစ်သည့်အတွက်  စားသောက်ကုန်နှင့် လူသုံးကုန်များကို ဒေသအသီးသီး၌ ပြည့်စုံလုံလောက်စွာဖြင့် ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း သတိပေး ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့နိုင်ငံတွင် မြေခံရေခံကောင်းများနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်သော်လည်း စီးပွားရေးအရ ပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများအား ပိတ်ဆို့ခြင်းနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများနှောင့်နှေး ပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းများကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါအချက်များကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများကောင်းမွန်လာပြီး နိုင်ငံ့စီးပွားပိုမို တိုးတက်ကာ ငွေကြေးတန်ဖိုးများလည်း တိုးတက်လာနိုင်မည်ဖြစ်ပြီး မိမိတို့ နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိသည့်နိုင်ငံဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ပိုင်ဆိုင်ထားခြင်းသည် နိုင်ငံတကာတွင် စားနပ် ရိက္ခာလုံခြုံရေး Food Security ကို အထောက်အကူပြုနိုင်သည့်နိုင်ငံတစ်ခုဖြစ်သည့်အပြင် ယင်းသို့ဆောင်ရွက်နိုင်ပါက နိုင်ငံ၏ ဝင်ငွေတိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာပေါများရေးကို အလေးထား ဆောင်ရွက်ကြရန်လည်း တိုက်တွန်း ပြောကြားသွားသည်။

နိုင်ငံအတွင်း၌ စားရေရိက္ခာဖူလုံမှုရှိစေရေး အမြဲဆောင်ရွက်နေရန်နှင့် သီးထပ်စွမ်းအားများ တိုးတက်အောင်ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့်ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ၏ စိုက်ပျိုးစွမ်းအားများလည်း တိုးတက်လာမည်ဟုလည်း တိုက်တွန်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here