အစ္စရေး – ဟားမတ်စ်အရေး ရက် ၂၀၀ ပြည့်ချိန် ရာဖက်ဖ်အတွက်စိုးရိမ်မှုများမြင့်တက်လာ

0
260

ဂါဇာကမ်းမြောင်၊ဧပြီ ၂၄

ဟားမတ်စ်တို့၏တိုက်ခိုက်မှုကြောင့်ဖြစ်ပွား ခဲ့သည့်အစ္စရေး – ဟားမတ်စ်စစ်ပွဲသည် ဧပြီ ၂၃ ရက်တွင် ရက် (၂၀၀) ပြည့်မြောက်သွားပြီဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့များက သတိပေးထားပြီး ဂါဇန်အများစုခိုလှုံရာ တောင်ပိုင်းမြို့ရာဖက်ဖ်အား အစ္စရေးက ကျူးကျော်ရန်စီစဉ်နေခြင်းကြောင့် အခြေအနေ ဆိုးရွားလာနိုင်သည်ဟုလည်းဆိုထားသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် မကြာမီတွင် လူပေါင်း ၁ ဒသမ ၅ သန်း ခိုလှုံရာနေရာဖြစ်သည့် ရာဖက်ဖ်သို့ တပ်ဖွဲ့ဝင်များစေလွှတ်ကာ ထပ်ခါတလဲလဲခြိမ်းခြောက်မှုများ ပြုလုပ်လာမည်ကိုပါ စိုးရိမ်မှုများလာခဲ့သည်။လက်ရှိအချိန်၌လည်း ဂါဇာရှိအကြီးဆုံးဆေးရုံနှစ်ရုံမှ လူ့ရုပ်အလောင်းများအား အစုလိုက်တွေ့ရှိရသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက‌ပြောကြားခဲ့သည်။

အစ္စရေးသည် စစ်ပွဲအတွင်း ဂါဇာရှိ ဆေးရုံ ဆေးပေးခန်း များအား အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဟားမတ်စ်တို့က ယင်းဆေးရုံများအား ကွပ်ကဲမှုစင်တာများအဖြစ် အသုံးပြုကာ ဓါးစာခံများ ဖမ်းဆီးထိန်းသိမ်းထားရန်အသုံးပြုသည်ဟုလည်းစွပ်စွဲထားသည်။သို့‌သော်ဟားမတ်စ်က အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုထားသည်။

အစ္စရေးအနေဖြင့်မူ ပါလက်စတိုင်းပြည်သူများအား သတ်ကာမြေမြှုပ်ထားသည်ဟူသောစွပ်စွဲချက်သည် အခြေအမြစ်မရှိသည့်စွပ်စွဲချက်သာဖြစ်ကြောင်းဆိုကာ ၎င်းတို့အနေဖြင့် ပါလက်စတိုင်းလက်ချက်ဖြင့်သေဆုံးခဲ့ရသည့်တပ်ဖွဲ့ဝင်များ၏ရုပ်အလောင်းများနှင့် ဓါးစာခံများအားရှာဖွေကာပြန်ခဲ့ခြင်းသာဖြစ်သည်ဟုဆိုသည်။

ယမန်နှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့၏စတင်တိုက်ခိုက်မှုမှ ဖြစ်ပေါ်ခဲ့သည့်ယခုစစ်ပွဲ၌ လူပေါင်း ၁,၁၇၀ ခန့်သေဆုံးခဲ့သည်ဟု အစ္စရေး တာဝန်ရှိသူများကပြောကြားခဲ့သည်။

အစ္စရေး၏လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့်လည်း ဂါဇာ၌  လူပေါင်း ၃၄,၁၈၃ ဦးထက်မနည်း သေဆုံးခဲ့ကာ အများစုမှာ အမျိုးသမီးများနှင့်ကလေးငယ်များဖြစ်ကြောင်း ဟားမတ်စ်ထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရသိရသည်။

ဂါဇာမြေပြင်စစ်ဆင်ရေး စတင်ချိန်မှစ၍ တပ်ဖွဲ့ဝင်သေဆုံးသူ ၂၆၁ ဦးအထိရှိလာကြောင်းအစ္စရေးကဆိုပြီး ဟားမတ်စ်တိုက်ခိုက်မှုအတွင်း ပြန်ပေးဆွဲခံရသည့် အကြမ်းဖျင်း လူ ၂၅၀ အနက် ၁၂၉ ဦးသည် ဂါဇာကမ်းမြောင်ဒေသတွင် ကျန်ရှိနေဆဲဖြစ်ကာ ၃၄ ဦး သေဆုံးခဲ့ကြောင်းလည်းအစ္စရေးကခန့်မှန်းထားသည်။

ကျန်ရှိသော ဓါးစာခံများလွတ်မြောက်ရေးအာမခံမည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် နေတန်ယာဟုအစိုးရအပေါ် လူထု၏ ဖိအားများတိုးလာသလို ဟားမတ်စ်လက်နက်ကိုင်အဖွဲ့မှပြောရေး ဆိုခွင့်ရှိသူ အဘူအိုဘီဒါကမူ ရက်ပေါင်း ၂၀၀ ကြာသည်အထိ ရန်သူအစ္စ‌ရေးသည် ဂါဇာကမ်းမြောင်သဲပြင်၌ပိတ်မိနေပြီး အစ္စရေးဘက်ကမလျှော့လျှင် ဓါးစာခံများအိမ်ပြန်နိုင်မည်မဟုတ်ဟုလည်းဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here