နောက်လ တရုတ်သွားမည်ဟု ပူတင် ကြေညာ

0
117

မေ ၇ ရက်မှာ နောက်ထပ် သမ္မတ သက်တမ်းအတွက် စတင်တာဝန်ထမ်းဆောင်ရမယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး ပြည်ပနိုင်ငံခရီးစဉ်အဖြစ် မေလအတွင်းမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ စက်မှုလုပ်ငန်းရှင်များနဲ့ စွန့်ဦးတီထွင်သူများသမဂ္ဂရဲ့ အစည်းအဝေးတစ်ခုမှာ ပူတင်က သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ကြေညာခဲ့တာဖြစ်ပေမယ့် အခြားအသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အသက် ၇၁ နှစ်အရွယ် ရုရှားခေါင်းဆောင်ဟာ မတ်လအတွင်းက အတိုက်အခံ ပီပီပြင်ပြင်မရှိတဲ့ ရွေးကောက်ပွဲမှာ ငါးကြိမ်မြောက်သက်တမ်းအတွက် အနိုင်ရကာ သူ့ရဲ့ ၂၄ နှစ်တာ အုပ်ချုပ်မှုကို ဆွဲဆန့်ခဲ့ပါတယ်။ ပူတင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မေလ ၇ ရက်မှာ ပြုလုပ်ဖို့စီစဉ်ထားတယ်လို့ ရုရှားလွှတ်တော်အမတ်တွေက ယခုလအစောပိုင်းမှာ ပြောဆိုထားပါတယ်။

ရုရှားဟာ ယူကရိန်းအပေါ်စစ်ပြုခဲ့တာကြောင့် စီးပွားရေးနဲ့ သံတမန်ရေး အထီးကျန်မှုကြီးထွားလာခဲ့ချိန်မှာ စစ်အေးတိုက်ပွဲကာလအတွင်း ၎င်းရဲ့ ကွန်မြူနစ်အစုအဖွဲ့ ခေါင်းဆောင်မှုဆိုင်ရာ ပြိုင်ဘက်ဟောင်းဖြစ်တဲ့ တရုတ်နဲ့ပိုမိုအနီးကပ်ဆက်ဆံလာခဲ့ရပါတယ်။

ယူကရိန်းနယ်နိမတ်အတွင်းကို ၎င်းရဲ့တပ်တွေ မစေလွှတ်မီ သီတင်းသုံးပတ်နှီးပါးအလို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ပူတင်က တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

မော်စကိုနဲ့ ပေကျင်းအကြား သံတမန်ရေးနဲ့ ကုန်သွယ်ရေးဆက်ဆံမှု အားကောင်းလာခဲ့ပြီး စစ်ပွဲအတွက် မော်စကိုက ဒုံးကျည်များ၊ တင့်ကားများ၊ လေယာဉ်များနဲ့ အခြားလက်နက်စနစ်များထူတ်လုပ်ရာမှာ အသုံးပြုနေတဲ့ စက်ကိရိယာတွေ၊ မိုက်ခရိုအီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ အခြားနည်းပညာတွေကို တရုတ်က ရောင်းအားမြှင့်ပေးခဲ့ပါတယ်။

မော်စကိုနဲ့ ခိုင်မာတဲ့ စီးပွားရေးချိတ်ဆက်မှုတွေကို ထိန်းသိမ်းထားပေမယ့် ရုရှားကို လက်နက်တွေ သို့မဟုတ် စစ်ရေးအကူအညီတွေ ပေးအပ်ခြင်း မရှိဘူးလို့ တရုတ်က အကြိမ်ကြိမ် ငြင်းဆိုထားခဲ့ပါတယ်။

Ref: India TV


LEAVE A REPLY

Please enter your comment!
Please enter your name here