နိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီထားသည့် မစ္စတာ အဘ်ဟေးတာကူးရ် အား လက်ခံတွေ့ဆုံ

0
380

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ အဘ်ဟေး တာကူးရ် အား ဧပြီ (၃၀) ရက်က နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန် ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ 

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပေါင်းစည်းချိတ်ဆက်မှုအပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း ရှင်းလင်းအသိပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here