ဆော်ဒီအာရေဗျတွင် အခက်အခဲကြုံနေရသည့် မြန်မာအမျိုးသမီးနှစ်ဦးကို နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့

0
281

ဆော်ဒီအာရေဗျနိုင်ငံ၊ Dammam မြို့၌ အခက်အခဲကြုံနေရသော မြန်မာအမျိုးသမီး (၂) ဦးကို နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ဆော်ဒီအာရေဗျတွင် အိမ်အကူအဖြစ်လုပ်ကိုင်ကြသူများဖြစ်ပြီး ဆက်လက် လုပ်ကိုင်လိုစိတ်မရှိတော့သော်လည်း အလုပ်ရှင် အိမ်ရှင်များက ခွင့်မပြုခြင်း စသည့် အခက်အခဲများကို ကြုံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်ပမှာနေတဲ့ သူတွေဟာ အမိမြေကို မလွမ်းတဲ့သူမရှိပါဘူး။ အမိမြေကို ပြန်လည်ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးကြတဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့ သံမှူးကြီးကို အထူးပဲကျေးဇူးတင်ပါတယ်” ဟု ဆော်ဒီအာရေဗျနိုင်ငံ Dammam မြို့တွင် အခက်ကြုံခဲ့ရသော မသိန်းရွှေက ပြန်ရှင်းပြသည်။

အလားတူ အသက် (၃၁) နှစ်အရွယ် တောင်ငူမြို့နေ မဥမ္မာမြင့်ကိုလည်း ရီရတ်ဒ်မြို့မှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့သည်။

“ကျွန်မက ဒူဘိုင်းကို မြန်မာအေးဂျင့်နဲ့ချိတ်ဆက်ပြီး ရောက်သွားပါတယ်။ အဲဒီမှာအလုပ်လုပ်ရင်းနဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ အလုပ်ရတော့ ဆက်လုပ်တယ်။ လုံးဝအဆင်မပြေတော့တာနဲ့ မြန်မာသံရုံးကို ရောက်သွားတော့ မိသားစုလိုပဲ နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲကြိုဆိုတာ တွေ့ရတော့ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပါတယ်။ ပြီးတော့ ပြဿနာအားလုံးကို ဖြေရှင်းပေးတယ်။ နေစရာ၊ စားစရာကအစ စီစဉ်ပေးတယ်။ ပြန်တဲ့အထိ အကူအညီပေးကြပါတယ်။ ပြည်ပနိုင်ငံမှာ ကိုယ့်မြန်မာလူမျိုးအချင်းချင်း ကူညီမှုရရှိတာလော က် ဝမ်းသာပီတိဖြစ်ရတာ ဘာမှမရှိပါဘူး” ဟု ၎င်းက ဆက်ရှင်းပြသည်။

နိုင်ငံတော် အစိုးရအနေဖြင့်လည်း ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သည့် အခက်အခဲဖြစ်စေ နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးတို့ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here