ရာဖာတွင် အစ္စရေးတို့ မြေပြင်စစ်ဆင်ရေးဆင်နွှဲမှုကို ဂျာမန်အဓိပတိ သတိပေး

0
140

ဂါဇာကမ်းမြှောင်ရှိ ရာဖာမြို့တွင် အစ္စရေးတို့ မြေပြင်စစ်ဆင်ရေးအပြည့်အ၀ ဆင်နွှဲခြင်းကို ဂျာမန်အဓိပတိ Olaf Scholz က ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီး ပါလက်စတိုင်းပြည်သူများအတွက် အကူအညီများ ပိုမိုပေးရန်ကိုပါ တောင်းဆိုခဲ့သည်။

“ကျနော်တို့ရဲ့အမြင်အရ ဒုက္ခသည် သန်းပေါင်းများစွာ ခိုလှုံပြီး အကာအကွယ်မဲ့နေတဲ့ ရာဖာကို တိုက်ခိုက်ဖို့ အခုအချိန်မှာ စဉ်းစားတယ်ဆိုတာကကို တာဝန်မဲ့လွန်းရာကျနေပါပြီလို့ ကျနော်တို့ ဂျာမနီ၊ ဥရောပနဲ့ အမေရိကန်အစိုးရတို့ တညီတညွတ်တည်း ယုံကြည်ပါတယ်” ဟု ဂျာမန်အဓိပတိက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လုံလောက်စွာ ပေးအပ်သင့်သည်ဟုလည်း အဓိပတိက ပြောကြားခဲ့သည်။ ဂါဇာတွင် စစ်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာထံမှ ကျယ်လောင်သော ကြွေးကြော်သံများကိုလည်းကြားသိနေရသည်။

“စစ်ဆင်နွှဲသူတိုင်းသည် လူသားမျိုးနွယ်နှင့် စစ်ဘေးသင့် အရပ်သားပြည်သူများအတွက် တာဝန်ရှိသည်”ဟုလည်း Scholz က ပြောကြားခဲ့သည်။

ရာဖာ အရှေ့ပိုင်း ရပ်ကွက်များတွင် နေထိုင်သူတို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ပြင်ဆင်မှုများ စတင်နေပြီဟု အစ္စရေးစစ်တပ်က မေ ၆ ရက်တွင် ကြေညာခဲ့သည်။ မေလ ၇ ရက်တွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က မြို့တော်အရှေ့ဘက်ခြမ်းရှိ နယ်မြေအများအပြားတွင် စစ်ရေးစစ်ဆင်ရေး စတင်ကြောင်းနှင့် အီဂျစ်နှင့် ဂါဇာနယ်စပ်ရှိ ရာဖာ ဖြတ်ကျော်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အစောပိုင်းတွင် နိုင်ငံတကာအသိုက်အဝန်းက ရာဖာတွင် အလုံးစုံစစ်ဆင်ရေးကို စွန့်လွှတ်ရန် အစ္စရေးအား တောင်းဆိုခဲ့သည်။ အထူးသဖြင့် အမေရိကန် အာဏာပိုင်များက အဆိုပါ ဆုံးဖြတ်ချက်သည် အရပ်သားများကို ထိခိုက်နစ်နာစေပြီး ဂျူးနယ်မြေ၏ လုံခြုံရေးကို အားနည်းစေမည့် မှားယွင်းမှုဟု ယူဆကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် အစ္စရေးအာဏာပိုင်များကမူ “ပြီးပြည့်စုံသောအောင်ပွဲ” နှင့် ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ်တပ်ဖွဲ့များကို အပြည့်အဝခြေမှုန်းရန်အတွက် ရာဖာတွင် စစ်ဆင်နွှဲရန်လိုအပ်သည်ဟု အခိုင်အမာဆိုပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here