နယူးဒေလီမှာ အပူချိန် ၄၇.၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပြီး အပူချိန် သတိပေးချက် ထုတ်ပြန်

0
256

အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်း ဒေသတွေမှာ စနေနေ့က မြင့်မားတဲ့အပူချိန်တွေ ကြုံတွေ့ခဲ့ရပြီး မြို့တော် နယူးဒေလီမှာ ပြင်းထန်ရာသီဥတု သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

လာမယ့်ရက်အနည်းငယ်အတွင်း မြောက်ပိုင်းတစ်ခွင်မှာ အပူလှိုင်းဆက်ရှိနေဦးမယ်လို့ အိန္ဒိယနိုင်ငံ မိုးလေဝသဋ္ဌာနက ခန့်မှန်းပြီး ပြည်နယ်များစွာအတွက် သတိပေးချက် တိုးမြှင့်ထားပါတယ်။

သောကြာနေ့က နယူးဒေလီမှာ အပူချိန် ၄၇.၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် အိမ်နီးချင်းပြည်နယ်တွေဖြစ်တဲ့ ပန်ဂျပ်၊ ဟာရန်နာနဲ့ ရာဂျက်စ်သန်ပြည်နယ်တွေမှာလည်း အပူချိန်တွေမြင့်မားခဲ့ပြီး နောက်ထပ်ရက်အနည်းငယ်အထိ မြင့်မားတဲ့အပူချိန်တွေ ဆက်ဖြစ်နေဖွယ်ရှိတယ်လို့ အိန္ဒိယ မိုးလေဝသဋ္ဌာနမှ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဆမ်မာဆန်ရွိုင်က ပြောဆိုပါတယ်။

ပြည်သူတွေအနေနဲ့ မွန်းလွဲနေပြင်းချိန်မျိုးမှာ မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်း မပြုကြဖို့ ရွိုင်က သတိပေးခဲ့ပြီး ရေများများ သောက်ကြဖို့နဲ့ ချောင်ချောင်ချိချိ အဝတ်အထည်တွေကို ဝတ်ဆင်ကြဖို့ အကြံပြုပါတယ်။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေ၊ အခြား ခံနိုင်ရည်စွမ်းနည်းသူတွေအနေနဲ့ အဆောက်အအုံတွေထဲမှာပဲ နေထိုင်ကြဖို့လည်း အကြံပြုခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်းမှာ အပူချိန်လွန်ကဲနေမှုဟာ သီတင်းခြောက်ပတ်ကြာမယ့် အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်ကာလနဲ့ တိုက်ဆိုင်နေခဲ့ပြီး ဆန္ဒမဲပေးဖို့ လူတန်းရှည် စောင့်ဆိုင်းရမှုတွေနဲ့ အမိုးအကာပြင်ပမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ ပြင်းထန်တဲ့ မဲဆွယ်ဟောပြောမှုတွေဟာ အပူလှိုင်းကြောင့် ကျန်းမာရေးအန္တရာယ်တွေ ကျရောက်လာနိုင်တဲ့အပေါ် ပညာရှင်တွေ စိုးရိမ်နေကြပါတယ်။

မဟာရက်ရှ်ထရာပြည်နယ်မှာ ရွေးကောက်ပွဲလူထုစုဝေးမှုတစ်ခုအတွင်း မိန့်ခွန်းပြောနေစဉ် ဝန်ကြီးတစ်ဦး အပူဒဏ်ကြောင့် မူးလဲမှုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here