အာကာသ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ရုရှားနှင့် မြန်မာ ဆွေးနွေး

0
156

မြန်မာနှင့် ရုရှား နှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့ မေလ (၁၉) ရက် ၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် အာကာသနည်းပညာနှင့်သက်ဆိုင်သည့် ပညာတော်သင်များ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation မှ ဒုတိယ ညွှန်ကြားရေး မှူးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here