နော်ဝေ၊ အိုင်ယာလန်နဲ့ စပိန်နိုင်ငံတို့က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု

0
169

အိုင်ယာလန်၊ စပိန်နဲ့ နော်ဝေနိုင်ငံတွေက နောက်သီတင်းပတ်မှာ ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ်ပြုဖို့ စီစဉ်ထားတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ကမ္ဘာလုံးဆိုင်ရာ ပါလက်စတိုင်းအရေးကို အားကောင်းစေမယ့် လှုပ်ရှားမှုတစ်ခုဖြစ်ပေမယ့် ဥရောပနဲ့ အစ္စရေးအကြား ဆက်ဆံရေး ပိုမိုတင်းမာစေမှာဖြစ်ပါတယ်။

၎င်းတို့ရဲ့ အထင်ကရ ဆုံးဖြတ်ချက်ဟာ အရှေ့အလယ်ပိုင်းမှာ ထာဝရငြိမ်းချမ်းရေး ရရှိစေဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ယင်း ဥရောပသုံးနိုင်ငံက ဆိုပါတယ်။

သို့ပေမယ့် ဒီကြေညာချက်နဲ့ ပတ်သက်ပြီး အစ္စရေးက ချက်ချင်းဆိုသလိုပဲ ဝေဖန်ရှုတ်ချခဲ့ပြီး အဆိုပါ သုံးနိုင်ငံမှ သံအမတ်တွေ ချက်ချင်းပြန်လာဖို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ညွှန်ကြားခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအများစုကတော့ ပါလက်စတိုင်းနိုင်ငံအဖြစ်ကို အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၄၀ ကျော်က ၎င်းတို့ရဲ့ အသိအမှတ်ပြုမှုကို တရားဝင်ထုတ်ပြန်ထားပါတယ်။ သို့ပေမယ့် ယင်းထဲမှာ ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ချို့သာ ပါဝင်ခဲ့ပါတယ်။

အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်နိုင်ငံတို့က မိမိတို့အနေနဲ့ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း ဒီနေ့မှာ ကြေညာပါတယ်လို့ အိုင်ယာလန်ဝန်ကြီးချုပ် ဆိုင်မွန် ဟာရစ္စက ဗုဒ္ဓဟူးနေ့က ဒဗ္ဗလင်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက် အသက်ဝင်ဖို့အတွက် နိုင်ငံတော်အဆင့် လိုအပ်တဲ့လုပ်ဆောင်စရာတိုင်းကို မိမိတို့အသီးသီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

အဆိုပါ အသိအမှတ်ပြုမှုဟာ မေလ ၂၈ ရက်နေ့အရောက် သုံးနိုင်ငံလုံးမှာ အသက်ဝင်မှာဖြစ်တယ်လို့ အိုင်ယာလန်နိုင်ငံခြားရေးဝန်ကြီး မီချယ်မာတင်က ပြောဆိုပါတယ်။

ယင်း ကြေညာချက်ကို ပါလက်စတိုင်းအရာရှိတွေက ကြိုဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်နေတဲ့ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က အခြားနိုင်ငံတွေအနေနဲ့လည်း ယခုကဲ့သို့ အသိအမှတ်ပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မိမိတို့ရဲ့ တရားဝင် အမျိုးသားအခွင့်အရေးများကို အသိအမှတ်ပြုကြဖို့၊ မိမိတို့ ပြည်သူတွေ လွတ်မြောက်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲကို ထောက်ခံအားပေးဖို့၊ မိမိတို့ မြေယာတွေကို ဇီယွန်ဝါဒီများ သိမ်းပိုက်ထားမှုအား အဆုံးသတ်စေဖို့ တိုက်တွန်းခဲ့ပါတယ်။

သို့သော်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်မှုကို ဆုလာဘ်ချီးမြှင့်ခြင်း” ဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်းဟာ အကြမ်းဖက်နိုင်ငံတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူက ပြောဆိုပြီး အောက်တိုဘာ ၇ ရက် လူသ-တ်မှုလိုလုပ်ရပ်တွေ ထပ်ခါ ထပ်ခါ ကျူးလွန်လာမှာဖြစ်ပြီး မိမိတို့အနေနဲ့ ဒါကို လက်မခံဘူးလို့ ဆိုခဲ့ကာ “ဒီမကောင်းဆိုးဝါးကို နိုင်ငံဖြစ်ခွင့်ပေးလို့မရဘူး” လို့ ပြောဆိုသွားပါတယ်။

Ref: NBC, CNN


LEAVE A REPLY

Please enter your comment!
Please enter your name here