မက္ကဆီကိုမှာ လေပြင်းကြောင့် မဲဆွယ်စင် ပြိုကျပြီး လူ ၉ ဦး သေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရ 

0
107

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Nuevo Leon ပြည်နယ်မှာ မေ ၂၂ ရက် ညပိုင်းက မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် မဲဆွယ်စင်ပြိုကျပြီး လူ ၉ ဦးသေဆုံးကာ ၆၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။ 

သမ္မတလောင်းတစ်ဦးဖြစ်တဲ့ ဂျော့ အယ်ဗာရက်ဇ် မေနက်ဇ် တက်ရောက်ခဲ့တဲ့ မဲဆွယ်အခမ်းအနားမှာ စင်ပြိုကျမှုဖြစ်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင်လည်း လွတ်ရာလွတ်ကြောင်း ထွက်ပြေးခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာမှာ တက်လာတဲ့ အခင်းဖြစ်ဗီဒီယိုဖိုင်တွေအရ လူတွေ အော်ဟစ်ထွက်ပြေးခဲ့ကြသလို ပြိုကျသွားတဲ့ သတ္ထု့စင်အောက်ကနေ အလုအယက် တိုးထွက်ခဲ့ကြတာ တွေ့ရပါတယ်။ 

ဒီအဖြစ်ဆိုးမှာ သေကြေ ဒဏ်ရာရကြသူတွေကို ပစ်ပယ်ထားမှာ မဟုတ်ပါဘူးလို့ မေနက်ဇ်က ဆိုခဲ့ပြီး နောက်လာမယ့် မဲဆွယ်ပွဲတွေကို သူ ဆိုင်းငံ့ထားလိုက်ပြီလို့လည်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

အခင်းဖြစ်ရပ်ဖြစ်ပွားပြီးနောက် စစ်သား၊ ရဲနဲ့ အခြားတာဝန်ရှိသူတွေက ပွဲကျင်းပရာ ပန်းခြံအတွင်းမှာ လှည့်လည်စစ်ဆေးမှုတွေလုပ်ခဲ့ကြပြီး အခင်းဖြစ်ရပ်ကြောင့် အနီးအနားရှိ လူများစွာဟာ အံ့အားသင့်တုန်လှုပ်နေခဲ့ကြပါတယ်။ 

သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ထပ်တူ ခံစားရပါကြောင်း မက္ကဆီကို သမ္မတ အန်ဒရက်စ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒါက ပြောဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ဆိုးအတွက် အခြားသမ္မတကိုယ်စားလှယ်လောင်းတွေ အပါအဝင် မက္ကဆီကိုနိုင်ငံတဝန်းမှ ဝမ်းနည်းကြေကွဲကြောင်း ထူတ်ဖော်ပြောဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။

Ref: 9 News


LEAVE A REPLY

Please enter your comment!
Please enter your name here