သီတင်းခြောက်ပတ်ကြာ မဲဆွယ်ကာလအတွက် ဗြိတိန်နိုင်ငံရေးသမားတွေ မဲဆွယ်မှု စတင်

0
116

ဗြိတိန်နိုင်ငံရေးပါတီခေါင်းဆောင်တွေဟာ သီတင်းခြောက်ပတ်တာ ကြာမြင့်မယ့် မဲဆွယ်စည်းရုံးကာလအတွက် ကြာသပတေးနေ့မှာ နိုင်ငံတဝန်း လှုပ်ရှားမှုတွေ စတင်ကြပြီဖြစ်ပါတယ်။

ဝန်ကြီးချုပ် Rishi Sunak ရဲ့ ကွန်ဆာဗေးတစ်ပါတီဟာ အာဏာလက်လွှတ်ရဖွယ်ရှိတယ်ဆိုတဲ့ ကျယ်ပြန့်သော မှန်းဆချက်တွေကို ပြောင်းပြန်လှန်ဖို့ ကြိုးပမ်းနေပါတယ်။

ကွန်ဆာဗေးတစ်တွေရဲ့ တိုင်းပြည်ကို ၁၄ နှစ်ကြာ အုပ်စိုးခဲ့အပြီးမှာ အစိုးရအာဏာကို အတိုက်အခံလေဘာပါတီထံ လွှဲအပ်မလားဆိုတာ မဲဆန္ဒရှင်တွေ ဇူလိုင် ၄ ရက်မှာ အဆုံးအဖြတ်ပေးကြရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကို မျှော်မှန်းထားတာထက်စောပြီး ကျင်းပဖို့စီစဉ်လိုက်ခြင်းဖြင့် အလောင်း အစားလုပ်လိုက်တဲ့ Sunak က ကွန်ဆာဗေးတစ်အစိုးရဟာ မငြိမ်မသက်အချိန်ကာလတွေမှာ တိုင်းပြည်လုံခြုံရေး ဆောင်ရွက်နိုင်ခဲ့တယ်လို့ ခုခံပြောဆိုပါတယ်။

လေဘာဘက်ကတော့ ကွန်ဆာဗေးတစ်တွေရဲ့ လက်ထက် နှစ်ပေါင်းများစွာ နိုင်ငံရေး၊ စီးပွားရေး ကသောင်းကနင်းဖြစ်ခဲ့ပြီးနောက် များစွာလိုအပ်သော အပြောင်းအလဲကို ဆောင်ကျဉ်းပေးမယ်လို့ ဆိုခဲ့ပါတယ်။

“ပရမ်းပတာအခြေအနေကို ရပ်တန့်ပစ်ရမယ်” လို့ ဗြိတိန်ရဲ့ နောက်တက်မယ့် ဝန်ကြီးချုပ်အဖြစ် လက်ရှိမှာရေပန်းစားနေတဲ့ လေဘာပါတီခေါင်းဆောင် Keir Starmer က ပြောဆိုပါတယ်။ ယခုအချိန် သင်တို့မှာသာ အာဏာရှိနေရင် ပရမ်းပတာအခြေအနေကို ရပ်ပစ်ပြီး စာမျက်နှာသစ်လှန်ကာ ဗြိတိန်ကို ပြန်တည်ဆောက်နိုင်မယ့် အခွင့်ကောင်းဖြစ်တယ်လို့ အင်္ဂလန်အရှေ့တောင်ပိုင်းမှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲတစ်ခုမှာ သူက ပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို Sunak က ကြေညာခဲ့မှုဟာ သူ့ပါတီ လွှတ်တော်အမတ်တွေကိုပင် အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။ မဲပေးပွဲကို ဒုတိယနှစ်ဝက်ကာလမှာ ကျင်းပဖြစ်လိမ့်မယ်လို့ Sunak က အကြိမ်ကြိမ်ပြောထားတာကြောင့် အများစုက ဆောင်းရာသီရွေးကောက်ပွဲကို မျှော်လင့်ထားခဲ့ကြပြီး ဇူလိုင် ၄ ရက်ဟာ ပြောထားတဲ့အတိုင်း ဘောင်ဝင်ရုံမျှသာဖြစ်ခဲ့ပါတယ်။

ရွေးကောက်ပွဲရက်ကြေညာလိုက်တာဟာ သူ့အနေနဲ့ သတ္တိရှိရှိ ရင်ဆိုင်သွားဖို့ အသင့်ရှိနေတာကို ပြသကြောင်း မဲဆွယ်ကာလရဲ့ ပထမဆုံး ၄၈ နာရီအတွင်း အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန်တို့ကို သွားရောက်ခဲ့တဲ့ Sunak က ပြောဆိုခဲ့ပါတယ်။

ကြိုတင်ကောက်ချက်ဟာ ရလဒ်မဟုတ်ကြောင်းနဲ့ မဲတစ်ပြားတိုင်းအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်း သူက ပြောဆိုသွားပါတယ်။

Ref: yahoo news


LEAVE A REPLY

Please enter your comment!
Please enter your name here